Delta ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကို ကာကွယ်ဆေး ထိရောက်နိုင်စွမ်း နည်းပါးဖွယ်ရှိလို့ အစ္စရေးပညာရှင် ပြော 

Delta ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကို ကာကွယ်ဆေး ထိရောက်နိုင်စွမ်း နည်းပါးဖွယ်ရှိလို့ အစ္စရေးပညာရှင် ပြော 
Photo - AFP

ဇူလိုင် ၆

အများစုသော ပြည်သူတွေကို Pfizer/BioNTech ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားနိုင်တဲ့ အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေတာဟာ ကာကွယ်ဆေးက Delta ဗိုင်းရပ်စ်မျိုးကွဲကြောင့်ဖြစ်တဲ့ အပျော့စား နာမကျန်းဖြစ်မှုတွေကို ကာကွယ်ပေးရာမှာ ထိရောက်မှု နည်းပါးနေဖွယ်ရှိတာကို ပြသနေတာပဲဖြစ်တယ်လို့ ထိပ်တန်းပညာရှင်တစ်ဦးက တနင်္လာနေ့မှာ ပြောပါတယ်။ 

ဒါပေမဲ့ အိန္ဒိယမှာ ဧပြီလအတွင်းက စတင်ပေါ်ပေါက်ပြီး ကမ္ဘာတစ်လွှား ကူးစက်မှု မြင့်တက်နေတဲ့ Delta မျိုးကွဲအပေါ် ကာကွယ်ဆေးရဲ့ ထိရောက်စွမ်းနဲ့ ပတ်သက်လို့ တိတိကျကျ တန်ဖိုးဖြတ်ဖို့တော့ စောလွန်းနေသေးတယ်လို့ အစ္စရေး ကိုဗစ်-၁၉ ဆိုင်ရာ အမျိုးသားပညာရှင်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ရန်ဘာလီဆာက ဆိုပါတယ်။ 

ခုလို ကောက်ချက်ချတဲ့အထိ ပြောဖို့ စောလွန်းတာဟာ အပြည့်အဝ ကာကွယ်ဆေး ထိုးနှံပြီးတဲ့ ပြည်သူတွေကြား ခြုံငုံကြည့်ရင် ကူးစက်နှုန်း နိမ့်ကျတာကြောင့်ရယ်၊ ဗိုင်းရပ်စ်စစ်ဆေးစမ်းသပ်မှုကို ပြည်သူတွေကြား တစ်ပြေးညီ မလုပ်ဆောင်နိုင်တာရယ်နဲ့ အချက်အလက်တွေအပေါ် ကောက်ချက်ချဖို့အတွက် နောက်ထပ် ခက်ခဲရှုပ်ထွေးမှုတွေ ရှိနေတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ 

နိုင်ငံတွင်းမှာ Delta ဗိုင်းရပ်စ်မျိုးကွဲဟာ ‘အားကောင်းတဲ့ ဗီဇမျိုးကွဲ’အဖြစ် ထွက်ပေါ်လာတာဟာ ကြီးမားတဲ့ ကူးစက်ဖြစ်ပွားမှုကြီးဆီ ဦးတည်သွားစေနိုင်တယ်လို့ အစ္စရေးရဲ့ အကြီးဆုံး ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့ Clalit ရဲ့ ဆေးထိုးနှံပေးရေး အရာရှိချုပ်ဖြစ်သူ ဘာလီဆာက အေအက်ဖ်ပီကို ပြောပါတယ်။ 

ဒီဇင်ဘာလက စတင်တဲ့ အစ္စရေးနိုင်ငံရဲ့ ကာကွယ်ဆေး ထိုးနှံပေးရေးလုပ်ငန်းစဉ်ဟာ ကမ္ဘာမှာ အမြန်ဆုံး ဆေးထိုးနှံပေးနိုင်မှုတွေထဲက တစ်ခုလည်း ဖြစ်ပြီး ကျယ်ပြန့်ကြီးမားတဲ့ ကာကွယ်ဆေး ထိုးနှံပေးမှုဟာ ကပ်ဘေးကနေ လွတ်မြောက်လာနိုင်မလားဆိုတာကို ကူးစက်ဖြစ်ပွားမှုတွေအပေါ် အနီးကပ်သုတေသန စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။ 

ကာကွယ်ဆေး ထိုးနှံပေးမှုတွေကြောင့် ပြည်တွင်းကူးစက်မှုနှုန်းဟာ တစ်နေ့ကို ငါးဦးလောက်ပဲ ရှိတော့တဲ့အထိ ကျဆင်းသွားခဲ့ပေမယ့် Delta မျိုးကွဲ ကူးစက်မှု ပြင်းထန်လာတာနဲ့အတူ ကူးစက်ဖြစ်ပွားနှုန်းဟာ မကြာသေးတဲ့ ရက်တွေအတွင်း ၃၀၀ နီးပါးအထိ ရှိလာခဲ့တာပါ။ 

နေ့စဉ် ကူးစက်နှုန်းရဲ့ တစ်ဝက်ခန့်ဟာ ကလေးငယ်တွေကြားမှာ ဖြစ်ပြီး အဲဒီ ရက်ပိုင်းတွေက ကူးစက်သူတွေရဲ့ တစ်ဝက်ဟာ အများစုက ကာကွယ်ဆေးထိုးနှံပြီးတဲ့ အရွယ်ရောက်ပြီးသူတွေ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly