စစ်ကောင်စီတပ်တွေ ပစ်မှတ်ထားခံရတဲ့ မိုးကုတ်မြို့က မိသားစု

စစ်ကောင်စီတပ်တွေ ပစ်မှတ်ထားခံရတဲ့ မိုးကုတ်မြို့က မိသားစု
ငါးနှစ်အရွယ် မစုထက်ဝိုင်း

မိုးကုတ်မြို့က အသက်ငါးနှစ်အရွယ် အမျိုးသမီးငယ် မစုထက်ဝိုင်းဟာ ရဲစခန်းအချုပ်ထဲမှာ နှစ်ပတ်ကျော်ကြာ ထိန်းသိမ်းတာခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့်  အစ်မဖြစ်သူ မသိမ့်စန္ဒီစိုးနဲ့ အမေဖြစ်သူ ဒေါ်ကြည်ကြည်ခိုင်တို့ကတော့ အချုပ်ခန်းထဲမှာ ဆက်လက်ချုပ်နှောင်ခံနေခဲ့ ရပါတယ်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့ဝင် ဦးစိုးဌေးနဲ့ တအောင်း (ပလောင်) ပါတီရဲ့ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ကြည်ကြည်ခိုင်တို့ဟာ သက်တူရွယ်တူတွေဖြစ်ကြပြီး သူတို့မှာ အသက် ၂၄ နှစ်အရွယ်သားကြီး၊ မသိမ့်စန္ဒီစိုး၊ အသက် ၁၆ နှစ်အရွယ်သားလတ်နဲ့ ငါးနှစ်အရွယ် မစုထက်ဝိုင်းတို့ ထွန်းကားပါတယ်။

မိုးကုတ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ဦးစိုးဌေးကို စစ်ကောင်စီက အလိုရှိနေပြီး လိုက်လံဖမ်းဆီးရာမှာ သားအဖသုံးယောက်က တိမ်းရှောင်လွတ်မြောက်သွားခဲ့တော့ ကျန်ခဲ့တဲ့ သမီးနှစ်ယောက်နဲ့ အမေကို ဖမ်းသွားကြပါတယ်။ သတင်းတွေမှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး မစုထက်ဝိုင်းဟာ ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လွတ်မြောက်လာခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုမဖြစ်ခင်အထိ သူတို့နေအိမ်မှာ ရေကူးကန်၊ ကလေးကစားကွင်း တစ်ခုဖွင့်ထားပြီး တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်း ကျောင်းပြု လုပ်ကိုင်စားသောက်ကြပါတယ်။ အခုတော့ ဦးစိုးဌေးဟာ နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းနဲ့ ပိုင်ဆိုင်မှုဝရမ်းစတဲ့ ဝရမ်းနှစ်မျိုး ထုတ်ခံထားရပါတယ်။ သူတို့နေအိမ်ဟာလည်း အိမ်သားတွေကင်းမဲ့လို့နေပါတယ်။

မသိမ့်စန္ဒီစိုးဟာ  မိုးကုတ် အထက်တန်းကျောင်း အမှတ် (၁) မှာ တက်ရောက်ခဲ့ပြီး ဆယ်တန်းကို ဂုဏ်ထူး သုံးဘာသာနဲ့ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ မန္တလေး တက္ကသိုလ်မှာ ဥပဒေအထူးပြုဘာသာရပ် တတိယနှစ်ကို တက်ရောက်မည့်သူ ဖြစ်ပါတယ်။

ဇွန်လ ၁၃ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ အင်အားအနည်းငယ်ပါတဲ့ စစ်ကောင်စီတပ်သားတွေ ရောက်လာခဲ့ပါတယ်။ ဦးစိုးဌေးမရှိတော့ ပြန်သွားကြပါတယ်။ ဒါပေမဲ့  အဲဒီနေ့ နေ့လည် ၁၂ နာရီလောက်မှာ စစ်သားခြောက်ဆယ်လောက်နဲ့ နောက်တစ်ခေါက်ပြန်ရောက်လာကြပြီး အဝင်အထွက်လမ်းတွေကို ပိတ်ဆို့ရှာဖွေကြပြန်ပါတယ်။ အဲဒီနောက် မသိမ့်စန္ဒီစိုးနဲ့  ဒေါ်ကြည်ကြည်ခိုင်ကို လက်ထိပ်ခတ်လိုက်ကြပါတယ်။

“စစ်ခွေးနဲ့ မလိုက်နိုင်ဘူး၊ ရဲခွေးနဲ့ မလိုက်နိုင်ဘူး” လို့ ငိုပြောနေတဲ့ ကလေးငယ် မစုထက်ဝိုင်းကိုပါ“အဲကလေးကိုပါ ဖမ်း” ဆိုပြီး စစ်သားတစ်ယောက်က စစ်ကားတစ်စီးပေါ်ကို ဒရွတ်တိုက်ဆွဲကာ ပစ်တင်လိုက်ကြတယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

စစ်ကားပေါ်ကို ရောက်တဲ့အချိန်  ထိုင်ခုံပေါ်မှာ ပေးမထိုင်ခိုင်းပါဘူး။ စစ်သားတွေက ခုံပေါ်မှာထိုင်ပြီး သားအမိသုံးယောက်ကို အောက်မှာ ဒူးထောက်ထိုင်ခိုင်းခဲ့ပါတယ်လို့ ဆိုကြပါတယ်။

"ကလေးက ကလေးစကားမပြောဘူး။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ နားမခံနိုင်တဲ့စကားတွေ ပြောတဲ့အချိန်မှာ သူ့အမေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တယ် ကားပေါ်မှာလေ။ ဒီလိုနဲ့ကလေးကလည်း ငိုပြီးတော့ ကားပေါ်မှာ ပါသွားတာပေါ့လေ" လို့ ဦးစိုးဌေးက ပြောပါတယ်။

သားအမိတွေအကုန် ဖမ်းဆီးခံရချိန်က အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘာဆေးပစ္စည်းတွေမှ ယူဆောင်ချိန်မရခဲ့ပါဘူး။ သွေးလေးဘက်နာဝေဒနာရှိတဲ့ မသိမ့်စန္ဒီစိုးဟာ ရဲစခန်းအချုပ်ထဲမှာ ကျန်းမာရေး အခြေအနေ ဆိုးဆိုးဝါးဝါးကြုံနေရတယ်လို့ ဖခင်ဖြစ်သူ ဦးစိုးဌေးက ပြောပါတယ်။ သီတင်းပတ်သုံးပတ်ကျော်ကြာလာပြီဖြစ်ပေမယ့် မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးပါဘူး။

“(သမီးနေမကောင်းတာက) စစ်ကြောရေးကြောင့် ဖြစ်တာလို့ သိရတယ်။ စစ်ကြောရေးမှာ သံမန်တလင်းပေါ်မှာ ဒူးထောက် လက်ထိပ်ခတ်ပြီးတော့ နှစ်နာရီခွဲ သုံးနာရီလောက်စစ်တာ ခဏခဏ ရှိတယ်။ စစ်ကြောရေးကြောင့် ဖြစ်တာပေါ့” လို့ ဦးစိုးဌေးက ပြောပါတယ်။

မသိမ့်စန္ဒီစိုးမှာ ရာသီဥတုအေးရင် ခြေဆစ်၊ လက်ဆစ်တွေကိုက်တတ်တာကြောင့် တစ်ပတ်တစ်ကြိမ် ဆရာဝန်နဲ့ ပုံမှန်ဆေးကုသမှုခံယူနေရသူဖြစ်ပါတယ်။ မိဘတွေက သူ့ကို ရာသီဥတုအေးတဲ့ မိုးကုတ်မြို့မှာ မထားဘဲ  မန္တလေးမြို့မှာပဲနေခိုင်းပြီး ပူတဲ့အချိန်ရောက်မှ ဇာတိဖြစ်တဲ့ မိုးကုတ်မြို့ကို ပြန်လာလေ့ ရှိပါတယ်။

ရဲစန်းအချုပ်ထဲမှာ မသိမ့်စန္ဒီစိုးနဲ့ ဒေါ်ကြည်ကြည်ခိုင်ကို တစ်ယောက်တစ်နေရာစီ သီးခြားစီ ခွဲထားပြီး အချုပ်ထဲမှာ မဟုတ်တဲ့ တခြားစစ်ကြောရေး နေရာတစ်ခုကို မကြာခဏ ခေါ်ယူစစ်ဆေးမေးမြန်းလေ့ရှိတယ်လို့ ပြန်ကြားသိရတယ်လို့ဆိုပါတယ်။

 မစုထက်ဝိုင်းဟာလည်း ရဲစခန်းအချုပ်ထဲမှာနေထိုင်ရပုံနဲ့ပတ်သက်ပြီး  “ဖေဖေ။ သမီး ပုံစံထိုင်ခိုင်းတဲ့ သူတွေကို သိပ်မုန်းတာပဲတဲ့။ မနေ့ညကတော့ သူအဲလိုပြောတယ်။ ဆိုတော့ကလေးကို အချုပ်ထဲမှာ ပုံစံထိုင်ခိုင်းတာတွေ လုပ်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်” ဦးစိုးဌေးက ပြောပါတယ်။ 

“အစားအသောက်ကတော့ သူထမင်းဝအောင် မစားရဘူးလို့ သူပြောတယ်။ ပြီးတော့ ရေချိုးရင် အိမ်သာထဲက ရေနဲ့ ချိုးရတယ်လို့ ပြောတယ်။ ကျန်တဲ့ဟာ သိပ်မေးလို့မရဘူး” လို့ ဆိုပါတယ်။

မသိမ့်စန္ဒီစိုးနဲ့ ဒေါ်ကြည်ကြည်တို့နှစ်ဦးကို မိုးကုတ်မြို့မရဲစခန်းမှာ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ပုဒ်မတပ် အမှုဖွင့် ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

“ ဒါနွေဦးတော်လှန်ရေးအတွက် အရင်းအနှီးတစ်ခုလို့ပဲ ကျွန်တော်မှတ်ယူပါတယ်။ အားလုံးလည်း အားတင်းထားပေးပါ။ အရေးတော် ပုံအောင်ရမည်” လို့ ပြန်လွတ်လာတဲ့ သမီးငယ် မစုထက်ဝိုင်းကို ရင်ဝယ်ပိုက်ရင်း ဦးစိုးဌေးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ကလေးငယ်တွေကို ဖမ်းဆီးချုပ်နှောင်တဲ့အပေါ် NUG အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို မှတ်ချက်ပေးပါတယ်။

“ပိုမိုပြီးတော့ စိုးရိမ်စရာ ကောင်းတာ တစ်ခုကတော့ ဒီကလေး ချုပ်နှောင်ထားတဲ့အချိန်မှာ ဒီကလေးရဲ့ စိတ်ဓာတ်နဲ့ အတွေ့အကြုံ စိတ်ဓာတ်နဲ့ မကိုက်ညီသော အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ကလေးရဲ့ ဘဝမှာ တစ်သက်လုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက် နစ်နာမှုတွေ ဖြစ်သွားနိုင်တာ ပိုပြီးတော့ ဆိုးဝါးတဲ့ သူတို့စိတ်ဓာတ် အနာဂတ်အပေါ်မှာ သက်ရောက်မှုတွေ ဖြစ်သွားနိုင်တယ်” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ပြီး ဇူလိုင်လ ၃ ရက်နေ့အထိ ငါးလကျော် ကာလအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ပြည်သူ ၈၉၀ ဦး ကျဆုံးခဲ့ပြီး လူပေါင်း ၆၄၈၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly