သုဝဏ္ဏဘူမိ လေဆိပ်နားက ပလတ်စတစ်စက်ရုံ ပေါက်ကွဲမီးလောင်၍ ၁ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရ 

သုဝဏ္ဏဘူမိ လေဆိပ်နားက ပလတ်စတစ်စက်ရုံ ပေါက်ကွဲမီးလောင်၍ ၁ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရ 
Photo: EPA

ထိုင်းမြို့တော် ဘန်ကောက်ရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်နားမှာ တနင်္လာနေ့က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပြီး ပလတ်စတစ်စက်ရုံ မီးလောင်တာကြောင့် မီးသတ်သမားတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၉ ဦး ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

မြို့လယ်ကောင်က ၂၁ မိုင်အဝေးကနေ ကောင်းကင်ထဲ မီးခိုးလုံးမည်းတွေ အလိပ်လိုက် လိမ့်တက်နေတာကို မြင်တွေ့ရပြီး မီးလောင်ရာဆီ ရဟတ်ယာဉ်တွေပေါ်ကနေပါ မီးငြှိမ်းသတ်နေရပါတယ်။ 

သုဝဏ္ဏဘူမိလေဆိပ်နားက ဘန်ကောက်မြို့ပြင်က ထိုင်ဝမ်အခြေစိုက် Ming Dih Chemical Co., စက်ရုံမှာ နံနက် ၃ နာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်တာပါ။ 

နေ့လယ်ရောက်တဲ့အထိ ဧရိယာအနီးနားက ဒေသခံတွေကို ကိုးကီလိုမီတာ အဝေးမှာ ရှိတဲ့ စာသင်ကျောင်းတစ်ကျောင်း အပါအဝင် ခိုလှုံရေးစခန်း နှစ်ခုဆီ ရွှေ့ပြောင်းပေးနေရပါတယ်။ ခိုလှုံရေးစခန်းတွေရောက်သူတွေထဲက အသက်ကြီးပိုင်းတွေဟာ သူတို့ရဲ့ နေအိမ်တွေဆီ ပြန်နိုင်မယ့်အချိန်ကို ဝှီးချဲတွေပေါ်ကနေ ထိုင်စောင့်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။ 

ကယ်ဆယ်ရေးလုပ်သားတွေဟာ အရေးပေါ်ဗင်ကားတွေနဲ့ အနီးဝန်းကျင်ကို ပတ်မောင်းပြီး လော်စပီကာကနေပြီး ဒေသခံထောင်ပေါင်းများစွာကို ဘေးကင်းဖို့အတွက် လွတ်ရာထွက်သွားကြဖို့ ဆော်ဩနေပါတယ်။ 

ပေါက်ကွဲမှုဖြစ်ရာမှ အနည်းဆုံး အချင်းဝက် မီတာ ၅၀၀ ကျော်က ပြည်သူတွေကိုတော့ နေအိမ်မှာပဲ နေကြဖို့ အမိန့်ထုတ်ထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီး အမ်ပွန်ဘူအာရုပွန်က ပြောပါတယ်။ 

“ဘာတွေဖြစ်လို့ ပေါက်ကွဲရသလဲဆိုတာ ကျွန်တော်တို့ မသိဘူး”လို့ သူက ပြောပြီး အာဏာပိုင်တွေအနေနဲ့ မီးကို ဆက်ငြှိမ်းနေရတယ်လို့ ဆိုပါတယ်။ 

ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးပါ။ 

Ming Dih Chemical Co. စက်ရုံဟာ အရပ်သားစကားအရ Styrofoam (လျှပ်စစ်မစီးအောင် သုံးသော ပလတ်စတစ်ဖော့) ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး ဘန်ပလီအရပ်မှာ ၁၉၈၅ ခုနှစ်ကတည်းက စက်ရုံလည်ပတ်နေတာ ဖြစ်ပါတယ်။ 

သုဝဏ္ဏဘူမိလေဆိပ်နားမှာ ရှိတာကြောင့် လေဆိပ်က လေယာဉ်ပြေးလမ်းတွေပေါ် မီးခိုးလုံးမည်းတွေ လွှမ်းခြုံလို့နေပါတယ်။ စက်ရုံရဲ့ အချင်းဝက် မီတာ ၅၀၀ အတွင်း ပတ်လည်မှာ စက်ရုံအလုပ်ရုံတွေ ၃၀၀ ခန့်နဲ့ လူနေရပ်ကွက်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

အရုဏ်မတက်ခင်က စတင်လောင်ကျွမ်းတဲ့ ဒီ မီးဟာ ၁၅ နာရီကြာပြီး ညနေ ၅ နာရီလောက်အထိ လောင်ကျွမ်းနေဆဲ ဖြစ်ပြီး ကောင်းကင်မှာလည်း မီးခိုးလုံးတွေ တလိပ်လိပ် လွင့်တက်နေဆဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly