ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၃ ဦးအား တစ်ပေါင်းတည်း တရားစွဲဆိုထားသည့် ၅၀၅(ခ)အမှု ခရိုင်တရားရုံးသို့ ပြင်ဆင်မှုလျှောက်ထားရာ ပလပ် ခံရ

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၃ ဦးအား တစ်ပေါင်းတည်း တရားစွဲဆိုထားသည့် ၅၀၅(ခ)အမှု ခရိုင်တရားရုံးသို့ ပြင်ဆင်မှုလျှောက်ထားရာ ပလပ် ခံရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးအား တစ်ပေါင်းတည်းတရားစွဲဆိုထားသည့် ပုဒ်မ ၅၀၅(ခ) အမှုအတွက် ယနေ့တွင် ဒက္ခိဏခရိုင်တရားရုံးသို့ ပြင်ဆင်မှုလျှောက်ထားရာ ပလပ်ခံရကြောင်း အမှုလိုက်ရှေ့နေ ဦးခင်မောင်ဇော်က မဇ္ဈိမကို ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီ နယ်မြေ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးအား တစ်ပေါင်းတည်းတရားစွဲဆိုထားသည့် ပုဒ်မ ၅၀၅(ခ)အမှု အတွက် ပြီးခဲ့သော ဇွန် ၂၉ ရက်ရုံးချိန်းတွင် တရားလိုဘက်မှ သက်သေခံတင်သွင်းခဲ့သော စာရွက်စာတမ်းများ ကို ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့် တရားရုံးက လက်ခံကြောင်း ကြားဖြတ်အမိန့်တစ်ခုချမှတ်ခဲ့သည်။

ယင်းအပေါ် စွပ်စွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေ အမျိုးသမီး နှစ်ဦးက ယနေ့တွင် ဒက္ခိဏခရိုင်တရားရုံးသို့ သွားရောက်၍ ကြားဖြတ်အမိန့်အပေါ် ပြင်ဆင်မှုလျှောက်ထားရာ အဆိုပါ တရားရုံးက ပလပ်လိုက်ခြင်းဖြစ်သည်။

“ လာတင်တဲ့ နေ့မှာဘဲ ရှေ့နေကို လျှောက်လဲချက်ပေးခိုင်းပြီး မှတ်ချက်မပေးဘဲနဲ့ ပယ်ချလိုက်တာပေါ့ဗျာ” ဟု ဆိုသည်။

“ ပြင်ဆင်မှုတက်တာကို ပယ်ချတာ နှစ်မျိုးရှိတယ်ဗျ။ များသော အားဖြစ်က ပြင်ဆင်မှုတက်လာရင် ပထမ လက်ခံတယ်။ တင်ပြတဲ့ သူရဲ့ လျှောက်လဲချက်ကို ကြားနားပြီးတော့ လက်ခံတယ် တစ်ဖက်ကိုခေါ်တယ်။ ဒါမှမဟုတ်ရင် ကြားနာမှု မလုပ်တော့ဘဲနဲ့ တစ်ဖက်ကို ခေါ်တယ်။ ခေါ်ပြီးမှ နှစ်ဘက်ကြားနားပြီးတော့မှ အောက်ရုံး(မူလတရားရင်ဆိုင်ရာရုံး) ဘာ့ကြောင့် ပယ်ဖျက်တယ်ဆိုတာမျိုး ဘာကြောင့် အတည်ပြုသင့်တယ်ဆိုတာမျိုး တရားသူကြီးက ရေးမှတ်ပြီးတော့မှ စီရင်ချက်တစ်ခုချတယ်။ ပြီးတော့မှ အမိန့်ချတယ်။ ဒါပေမယ့် အခု ဟာကတော့ အကျဉ်းနည်းနဲ့ ပလပ်တယ်ခေါ်တာပေါ့” ဟု ၎င်းကဆက်လက်ရှင်းပြသည်.

ယနေ့ (ဇူလိုင် ၅)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ နှစ်ဦးကို ရှေ့နေအဖွဲ့က နာရီဝက်ကြာစီတွေ့ဆုံခွင့်ရရှိခဲ့ပြီး၊ အမှုနှင့်ပတ်သက်သည်ညွှန်ကြားချက်ကိုသာ

ပြောဆိုခဲ့ကြကာ အခြား သီးခြားမှာကြားမှုမျိုးမရှိကြောင်း ၎င်းကပင် ဆက်လက်ပြောကြားသည်။

ရုံးထုတ်စစ်ဆေးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အပေါ် သီးခြားဆီ စွဲဆိုထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အတွက် မျက်မြင်သက်သေနှစ်ဦးက သက်သေ ထွက်ဆိုခဲ့ကြသည်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသော ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုတို့အတွက် သက်သေလိုပြ သက်သေများကို စစ်ဆေးခဲ့ပြီး ရုံးတော်ကို ရပ်နားခဲ့သည်။

ယင်းအမှုများနှင့်ပတ်သက်၍ အပတ်စဉ် တနလာၤနှင့် အင်္ဂါနေ့တို့တွင် ပုံမှန်ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required