ကိုဗစ်ကပ်ဘေး ခြိမ်းခြောက်မှုက ရှိနေသေးတယ်လို့ လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ ဂျိုးဘိုင်ဒင် ပြော 

ကိုဗစ်ကပ်ဘေး ခြိမ်းခြောက်မှုက ရှိနေသေးတယ်လို့ လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ ဂျိုးဘိုင်ဒင် ပြော 
Photo: EPA

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ တနင်္ဂနွေနေ့က လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရာမှာ နိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကပ်ဘေးကို အပြည့်အဝ မနှိမ်နင်းနိုင်သေးပေမယ့် ကပ်ဘေးအလွန် ကာလဆီ အတော်လေး အောင်မြင်စွာ ဦးတည်သွားလျက် ရှိနေပြီလို့ အားတက်စဖွယ် ကောက်ချက်ချ ပြောဆိုပါတယ်။  

အိမ်ဖြူတော် တောင်ဖက်မြက်ခင်းမှာ ပျော်ပျော်ရွှင်ရွှင် ရှိနေကြတဲ့ ဧည့်သည့်တော် ၁၀၀၀ ပါ လူအုပ်ရှေ့မှောက် မိန့်ခွန်းပြောရာမှာ ၁၇၇၆ ခုနှစ် ဗြိတိသျှအင်ပါယာကနေ လွတ်လပ်ရေး ကြေညာခဲ့တာနဲ့ လက်ရှိအချိန် ကိုရိုနာဗိုင်းရပ်စ်ကနေ ရုတ်ခြည်း ပြန်လည်ဦးမော့လာတဲ့ကြား နှိုင်းယှဉ်ရင်း ဂျိုးဘိုင်ဒင်က ချိတ်ဆက်ပြောဆိုပါတယ်။ 

“လွန်ခဲ့တဲ့ ၂၄၅ နှစ်မှာ ရေခြားမြေခြားက ဘုရင်တစ်ဦးဆီကနေ ကျွန်တော်တို့ဟာ လွတ်လပ်ရေးကို ကြေညာခဲ့ကြတယ်၊ ဒီကနေ့မှာလည်း လူသေဆုံးမှုများပြားတဲ့ ဗိုင်းရပ်စ်ဘေးကနေ ကျွန်တော်တို့ လွတ်မြောက်ပြီဆိုတာကို ကြေညာဖို့ အလွန်နီးကပ်နေပြီ”လို့ ဖိတ်ကြားထားတဲ့ စစ်မှုထမ်းအဖွဲ့ဝင်တွေနဲ့ မရှိမဖြစ် ဝန်ထမ်းတွေ ဧည့်သည်တော်တွေကို သူက ပြောပါတယ်။ 

“ဗိုင်းရပ်စ်ကို ကျွန်တော်တို့ အနိုင်ပန်းပါတော့မယ်”ဆိုပြီး ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ 

ဒါပေမဲ့ ထပ်လောင်းပြီး “ကျွန်တော့် စကားကို တလွဲမကောက်ပါနဲ့၊ ကိုဗစ်-၁၉ ကို အမြစ်မဖြတ်နိုင်သေးပါ၊ Deltal ဗိုင်းရပ်စ်မျိုးကွဲလို ကူးစက်မြန် မျိုးကွဲတွေ ပြန့်နှံ့ဖြစ်ပွားနေတာ ကျွန်တော်တို့ အားလုံး အသိပါပဲ”လို့ သူက ပြောပါတယ်။ 

လက်ရှိမှာ မယုံနိုင်လောက်တဲ့ နှုန်းထားအဖြစ် အမေရိကန်နိုင်ငံအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသူ လူပေါင်း ၆၀၀၀၀၀ ကျော်အတွက်လည်း ဂျိုးဘိုင်ဒင်က အမှတ်တရ ပြောဆိုပါတယ်။ 

ဒါပေမဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်မှာ ခါးသီးပြင်းထန်တဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့တဲ့ အမေရိကန်ဟာ သူ ခေါင်းဆောင်မှုအောက်မှာ ‘အတူတကွ ပြန်လည်ပေါင်းစည်းလာပြီ’ လို့ လွန်ကဲတဲ့ အကောင်းမြင်မှတ်ချက်စကားကိုလည်း သူက ပြောဆိုခဲ့ပါတယ်။ 

“ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့တွေဟာ အမှောင်မိုက်ဆုံးနေ့ရက် အချို့ကို ဖြတ်သန်းနေထိုင်ခဲ့ကြရတယ်”လို့ ဂျိုးဘိုင်ဒင်က ပြောရင်း “ခုတော့ အတောက်ပဆုံး အနာဂတ်ကို ကျွန်တော်တို့ လှမ်းမျှော် မြင်ရပြီ”ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required