ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် မြန်မာနယ်စပ် တရုတ်၏ ရွှေလီမြို့၌ လော့ခ်ဒေါင်း ပြန်ချ

ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် မြန်မာနယ်စပ် တရုတ်၏ ရွှေလီမြို့၌ လော့ခ်ဒေါင်း ပြန်ချ
Photo: AFP

မြန်မာနှင့်အကြား နယ်စပ်အနီးရှိ တရုတ်နိုင်ငံ၏ မြို့တစ်မြို့ဖြစ်သည့် ရွှေလီမြို့တွင် ယခုအခါ  လော့ခ်ဒေါင်း ချထားပြီး လူအများကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသုံးဦး‌ တွေ့ရှိကြောင်း ဇူလိုင် ၅ ရက်တွင် ထုတ်ဖော်ခဲ့ပြီး ယခုအခါ သက်ဆိုင်ရာ အာဏာပိုင်များသည် နောက်ထပ် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန် အားချင်းလုပ်ဆောင်နေသည်။

ယင်းသည် လူဦးရေ ၂၁၀,၀၀၀ ကျော် ရှိသည့် ရွှေလီမြို့အတွက် မြန်မာမှ ၀င်ရောက်လာသည့် ကူးစက်မှုဖြစ်စဥ်များ တွေ့ရှိပြီးနောက် လေးလအတွင်း ဒုတိယအကြိမ်မြောက် လော့ခ်ဒေါင်းချခြင်းလည်း ဖြစ်သည်။

ရွှေလီမြို့သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ မူဆယ်မြို့နှင့်အကြား အဓိက နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာ နယ်ခြားမြို့တစ်မြို့ဖြစ်သလို မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း မငြိမ်မသက်မှုများ အရှိန်မြင့်နေခြင်းနှင့်အတူ အကြမ်းဖက်မှုမှ တိမ်းရှောင်ရန် မြန်မာဘက်ခြမ်းမှ လူများ နယ်စပ်ဖြတ်ကာ တရုတ်နိုင်ငံထဲ လှိမ့်၀င်လာနိုင်မည့်အပေါ် စိုးရိမ်ပူပန်မှုများလည်း ထွက်ပေါ်ထားစေခဲ့သည်။

ဗိုင်းရပ်စ် ကူးစက်ခံ လူနာသုံးဦးအနက် တစ်ဦးသည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးအာဏာပိုင်များက ပြောသည်။

နယ်စပ်တစ်လျှောက် ကူးစက်မှုများ မြင့်တက်နေခဲ့စဥ် တရုတ်သည် မြန်မာနှင့်အကြား အဓိက တံတားတစ်စင်းနှင့် နယ်စပ်ဖြတ်ကျော်နေရာတစ်ခုတို့ကို မတ်လက ပိတ်ထားခဲ့သည်။

တရုတ်အာဏာပိုင်များသည် တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုများကို တားဆီးရန် မကြာသေးသည့်လများအတွင်း တိုးမြှင့်ကင်းလှည့်ထားခဲ့သလို ဒုက္ခသည်များ အလုံးအရင်းဖြင့် ၀င်လာမှုကို တားဆီးရန် တရားမ၀င်လူကုန်ကူးမှုအပေါ် ဖြိုခွင်းနှိမ်နင်းထားခဲ့သည်။

ရွှေလီမြို့တွင် မြို့ခံအားလုံးကို နှစ်ရက်အတွင်း ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမည်ဖြစ်ပြီး နောက်ထပ် ညွှန်ကြားချက် မရမချင်း “မလိုအပ်ဘဲ ခရီးသွားမှု” အားလုံးကို ပိတ်ပင်မည်ဖြစ်ကြောင်း ဒေသအစိုးရက ဇူလိုင် ၅ ရက်တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly