သံရုံး၀န်ထမ်းနေအိမ် ၀င်ရှာမှုဖြစ်စဉ် ထပ်မဖြစ်စေ‌ရေးအတွက် စစ်အုပ်စုကို ဂျပန် တိုက်တွန်း

သံရုံး၀န်ထမ်းနေအိမ် ၀င်ရှာမှုဖြစ်စဉ် ထပ်မဖြစ်စေ‌ရေးအတွက် စစ်အုပ်စုကို ဂျပန် တိုက်တွန်း

ပြီးခဲ့သည့် ဧပြီလက ရန်ကုန်မြို့ရှိ ဂျပန်သံရုံးနှင့် အကူအညီပေးရေးရုံးတို့မှ ၀န်ထမ်းများ၏ နေအိမ်များကို အာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့၀င်များက အတင်းအကျပ် ၀င်‌ရောက်ရှာဖွေမှုများ ရှိခဲ့ပြီးနောက် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဂျပန်အစိုးရက မြန်မာအာဏာသိမ်းစစ်အုပ်စုကို ကန့်ကွက်ကြောင်း ထုတ်ဖော်ခဲ့သလို ယင်းဖြစ်စဉ်မျိုး နောက်တစ်ကြိမ် ထပ်မဖြစ်စေရေး တားဆီးရန် တောင်းဆိုထားကြောင်း ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၅ ရက်တွင် ပြောသည်။

အထက်ပါဖြစ်စဥ်များတွင် ဂျပန်၀န်ထမ်းများ ထိခိုက်ခဲ့ခြင်း မရှိသော်လည်း စစ်အုပ်စုတပ်ဖွဲ့၀င်များ၏ လုပ်ရပ်များက “ဂျပန်နိုင်ငံသားများ၏ ဘေးကင်းမှု” ကို အန္တရာယ်ရှိစေခဲ့သလို သံတမန်ဆက်ဆံရေးနှင့်ပတ်သက်ပြီး ဗီယင်နာ ကွန်ဗန်းရှင်းကို ချိုးဖောက်ရာရောက်ခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်း၀န်ချုပ် ကက်ဆုနိုဘူ ကာတိုက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ဗီယင်နာသဘောတူညီချက်အရ သံတမန်များကို ဖမ်းဆီးထိန်းသိမ်းမှုကနေ ကာကွယ်ပေးထားသလို သံတမန်အဖွဲ့၏ အဆောက်အအုံ ဥပစာ၀န်းထဲ ချိုးဖောက်၀င်ရောက်ခွင့်မရှိဟု ပြဋ္ဌာန်းထားသည်။

ရန်ကုန်ရှိ ဂျပန်သံရုံးမှ ၀န်ထမ်းတစ်ဦးနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ အဖွဲ့၀င်တစ်ဦး၏ နေအိမ်များကို ဧပြီ ၁၇ ရက်ညပိုင်းက ၀င်ရောက်ရှာဖွေခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြန်မာစစ်အုပ်စုက ပြန်လည်တောင်းပန်ထားကြောင်း ကာတိုက ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က ဖေဖေါ်၀ါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့ပြီး ယင်းနောက် ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုများအတွင်း လူ‌ပေါင်း ၈၉၀ ဦးထက်မနည်း သေဆုံးပြီး ထောင်ချီ ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required