အိန္ဒိယ၊ အိုက်ဇောမှာရောက်နေတဲ့ CDM ရဲတစ်ဦး အစာအဆိပ်သင့်ကာ သေဆုံး

အိန္ဒိယ၊ အိုက်ဇောမှာရောက်နေတဲ့ CDM ရဲတစ်ဦး အစာအဆိပ်သင့်ကာ သေဆုံး

စစ်ကောင်စီရဲ့ အာဏာသိမ်းပြီးနောက် အကြမ်းမဖက်ပြည်သူ့လှုပ်ရှားမှု CDM မှာ ပါဝင်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့မှာ လာရောက်တိမ်းရှောင်နေတဲ့ ရဲဝန်ထမ်းတစ်ဦး အစာအဆိပ်သင့်ပြီး ဇွန် ၃၀ရက်မှာ သေဆုံးခဲ့ပါတယ်။

သေဆုံးသူမှာ ချင်းပြည်နယ် မတူပီမှ အသက် ၂၁ နှစ်အရွယ် ရဲဝန်ထမ်းဖြစ်ပါတယ်။

အစားမှားကာ အစာအဆိပ်သင့်တာကြောင့် အိုက်ဇောမြို့နယ် Sevenday ဆေးရုံကို ပို့ဆောင်ကာ အချိန် ၂ ပတ်ကြာ ဆေးကုသခဲ့ပေမယ့်လည်း ဇွန် ၃၀ ရက်မှာ သေဆုံးခဲ့တာပါ။

၎င်းရဲ့ ရုပ်အလောင်းကို အိုက်ဇောက NGO တစ်ခုက အကူအညီနဲ့ ဂူသွင်းသင်္ဂြိုလ်ခဲ့ကြောင်း အဆိုပါ NGO မှ Jenny Zen Suan Vung က မဇ္စျိမကိုပြောပါတယ်။

သေဆုံးမှုကို မိသားစုကိုတော့ ဆက်သွယ်အကြားကြားခဲ့ပေမယ့် မိသားစုကတော့ အခက်အခဲကြောင့် လိုက်မလာနိုင်ဘူးလို့ သိရပါတယ်။

​အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့မှာ မြန်မာပြည်က CDM အပါအဝင် စစ်ဘေးရှောင်သူ ၃၀၀၀ ကျော်ရှိနေပါတယ်။ မြန်မာဒုက္ခသည်တွေကို အိုက်ဇောမြို့ Finland နဲ့ Farkawn တို့မှာ ထားရှိပြီး နေရေးစားရေးအတွက် အိုက်ဇောက NGOအဖွဲ့တခုက ကူညီပေးထားပါတယ်။

လက်ရှိ အိန္ဒိယမှာလည်း ကိုဗစ်ကူးစက်မှုမြင့်နေပြီး မီဇိုရမ်မှာ ကိုဗစ်လူနာ ၂၁,၃၃၇ ဦး ရှိတယ်လို့ မီဇိုရမ်ပြည်နယ် ကျန်းမာရေးဌာန IDSP- H&FW က ထုတ်ပြန်ထားပါတယ်။ အိုက်ဇောမှာ ကိုဗစ်ကာကွယ်ဆေးကို အသက်အရွယ်အလိုက် ထိုးနှံပေးလျက်ရှိပါတယ်။

မြန်မာဒုက္ခသည်တွေကတော့ အထောက်အထားကတ် မရှိသေးတဲ့အတွက် ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်မရကြသေးပါဘူး။ လက်ရှိမှာတော့ အိန္ဒိယမှာရှိနေတဲ့ မြန်မာဒုက္ခသည် တစ်ဦးတစ်ယောက်မျှ ကိုဗစ်ကူးစက်ခံရခြင်း မရှိဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required