ဟောင်ကောင်သားများ အဖမ်းခံနေရစဉ် ဂျက်ကီချန်းနှင့် အန်ဒီလောင်းတို့ တရုတ်ကွန်မြူနစ်ပါတီ နှစ်ပတ်လည်နေ့အထိမ်းအမှတ်တွင် ပါ၀င်တင်ဆက်

ဟောင်ကောင်သားများ အဖမ်းခံနေရစဉ် ဂျက်ကီချန်းနှင့် အန်ဒီလောင်းတို့ တရုတ်ကွန်မြူနစ်ပါတီ နှစ်ပတ်လည်နေ့အထိမ်းအမှတ်တွင် ပါ၀င်တင်ဆက်

ဟောင်ကောင်ကို ဗြိတိန်မှ တရုတ်လက်ထဲ ပြန်လွှဲပေးခဲ့သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၄ နှစ်အကြာ ၁၉၉၇ ခုနှစ် ညနေခင်းတွင် ဟောင်ကောင်၏ အထင်ကရ မင်းသားလည်းဖြစ်၊ Cantopop စူပါစတားတစ်ဦးလည်းဖြစ်သည့် အန်ဒီလောင်းသည် လွှဲပြောင်းမှုအခိုက်သမယ အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံပိုင်ရုပ်သံဌာန CCTV ၏ အဆိုနှင့်အက တွဲဖက်ပါ၀င်သည့် ပွဲအခမ်းအနားကြီးတစ်ခုတွင် ပါ၀င်တင်ဆက်ခဲ့သည်။

ကင်မရာက တရုတ်နှင့်‌ ဟောင်ကောင်အလံတို့ကို ဝှေ့ယမ်းနေသည့် ပရိသတ်ကို အလျင်မပြတ် လှည့်၍ ရိုက်ပြနေစဉ် ၎င်းသည် တရုတ်အဆိုတော် နာယင်နှင့် တွဲဖက်ပြီး ထိုင်၀မ်အဆိုတော်-တေးရေးဆရာ လို တာယွီ၏ အကျော်ကြားဆုံး တေးများအနက်တစ်ပုဒ်ဖြစ်သည့် “Pearl of the Orient” ကို နား၀င်ချိုဖွယ် သီဆိုခဲ့သည်။

လိုသည် ဟောင်ကောင်နှင့် ယင်း၏ ထူးခြားသည့် ကိုယ်ပိုင်လက္ခဏာကို အရှေ့နှင့် အနောက်အကြားရှိ ကွန်းခိုရာနှင့် ဗဟိုချက်တစ်ခုအဖြစ် ရည်ညွှန်းမှုတစ်ခုအဖြစ် ထိုသီချင်းကို ၁၉၈၆ ခုနှစ်တွင် ဖွဲ့သီရေးစပ်ခဲ့သည်။ သီချင်းသည် ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှုအောက်ရှိ နယ်မြေ၏ ဒုက္ခပြဿနာများကို ညွှန်ပြသလို ယင်း၏ တရုတ်ဝိသေသလက္ခဏာရပ်နှင့်ပတ်သက်ပြီး မျက်ခြေမပျက်‌စေရန်လည်း ပန်ကြားထားခဲ့သည်။ လွှဲပြောင်းပေးအပ်မှုနောက်ပိုင်း ဟောင်ကောင်၏ အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ တိုးပွားလာနေချိန် ယင်း၏ သီချင်းစာသားများက “အရှေ့တိုင်းရဲ့ ပုလဲ၊ ငါ့အချစ်ရေ/ မင်းရဲ့ လှပကြော့ရှင်းမှုက အစဉ်အမြဲ ချစ်ကြည်နူးဖွယ် ကောင်းပါ့မလား” ဆိုပြီး မေးခွန်းများကို ဖြစ်‌ပေါ်စေသည်။

လိုသည် ဟောင်ကောင်မြို့၏ မသေချာမရေရာသော အနာဂတ်ကို သက်သေသာဓကတစ်ခု ပြရန်အတွက် ယင်းသီချင်းကို ရှုမြင်ခဲ့ပြီး ဒီမိုကရေစီလိုလားသော ထီးလှုပ်ရှားမှု ဆန္ဒပြပွဲများနှင့် ၎င်းသည်လည်း တသားတည်းရှိကြောင်း ထုတ်ဖော်ရန် ဟောင်ကောင်ရှိ ၂၀၁၄ တေးဂီတဖျော်ဖြေပွဲတစ်ခုတွင် သီဆိုခဲ့သည်။ ယင်းအချိန်တွင် တင်းကျပ်သော စိစစ်ဖြတ်တောက်မှုကို ရှောင်လွဲရန် ကြိုးပမ်းနေသည့် ပြည်မကြီး ထောက်ခံအားပေးသူများကလည်း ၎င်းတို့၏ ထောက်ခံမှု တိတ်တခိုး ဖော်ပြသည့် နည်းလမ်းတစ်ခုအဖြစ် ထိုသီချင်း သို့မဟုတ် သီချင်းစာသားများကို တင်ခဲ့ကြသည်။

ယခုအပတ်တွင် ဇူလိုင် ၁ ရက် တရုတ်အာဏာရ ကွန်မြူနစ်ပါတီ တည်ထောင်မှု နှစ် ၁၀၀ ပြည့် နှစ်ပတ်လည် အခမ်းအနား အစပျိုးမှု တစိတ်တဒေသအဖြစ် အန်ဒီလောင်းသည် တူညီသော CCTV စတူဒီယိုဧရိယာသို့ ရောက်လာခဲ့ပြီး နာ နှင့်အတူ တွဲဖက်ပြီး လွန်ခဲ့သည့် ၂၄ နှစ်အကြာက ဆိုခဲ့သည့် “Pearl of the Orient” ကို ယခုတစ်ကြိမ်တွင် တင်ဆက်ပုံအသစ်ဖြင့် တင်ဆက်ခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင် လို၏ အချစ်သီချင်းသည် ဟောင်ကောင်ဆန္ဒပြသူများနှင့် အစဉ်အလာဟောင်းကို အရိုးစွဲနေသည့် တရုတ်အမျိုးသားရေးစိတ်ဓာတ်ရှိသူများအကြား နှစ်များစွာကြာ ပေါ်ပြူလာဖြစ်ထားခဲ့သည့် ယင်း၏ ကဗျာဆန်သည့် အနက်ထွေပြားမှု အနှစ်သာရ ပျောက်ဆုံးနေခဲ့သည်။

“Praise for the Centennial” ဟု အမည်တပ်ထားသည့် ပရိုဂရမ်တစ်ခု၏ အကြောင်းအရာအောက်တွင် သီချင်းသည် ဟောင်ကောင်အပေါ် ပေကျင်းအုပ်ချုပ်မှု၏ တရား၀င်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး ထူကဲအောင်မြင်သော သီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်နေသည့် ဇူလိုင် ၁ ရက် လွှဲပြောင်းပေးမှုနေ့ရက်တွင် ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ဟောင်ကောင်တွင် ဆန္ဒပြပွဲများ ပေါ်‌ပေါက်ခဲ့ပြီး တစ်ခါတစ်ရံ လူထောင်သောင်းချီ တက်ရောက်ခဲ့ကြသည်။ ယခုနှစ်တွင်မူ ပထမဆုံးအကြိမ်အဖြစ် ဆန္ဒပြပွဲများကို ဖျက်သိမ်းထားခဲ့သည်။ ရဲများသည် လမ်းသွားလမ်းလာ ၂၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့သလို ရဲကားများ၊ မီးသတ်ပိုက်တပ် ထရပ်ကားများနှင့် သံချပ်ကာယာဉ်များလည်း လမ်းများပေါ် လှည့်လည်စောင့်ကြပ်နေခဲ့သည်။

အန်ဒီလောင်း၏ CCTV ပရိုဂရမ်တွင် တရုတ်အလံများ ပြည့်နှက်နေသော်လည်း ဟောင်ကောင်အလံတစ်ခုမှ ရှိမနေခဲ့ပေ။ ပွဲအခမ်းအနား အစီအစဉ် ကြေညာသူတစ်ဦးက လွှဲပြောင်းပေးမှုအထိမ်းအမှတ် ဆီဆေးပန်းချီကားတစ်ချပ်ရှေ့ ရပ်နေရင်း လောင်း၏ နံပါတ်စဉ်ကို ကြေညာခဲ့ပြီး “ချစ်မြတ်နိုးရတဲ့ အမိမြေရေ၊ ဟောင်ကောင်ဟာ နောက်ဆုံးမှာတော့ သင့်ရဲ့ ပွေ့ဖက်မှုဆီ ပြန်လာခဲ့ပြီ” ဟု ထုတ်ဖော်ခဲ့သည်။

လောင်းသည် တရုတ်ကွန်မြူနစ်ပါတီကို ဆန္ဒမွန်တောင်းခဲ့သည့် တစ်ဦးတည်းသော ဟောင်ကောင်သားတော့ မဟုတ်ပေ။

ဇူလိုင် ၁ ရက်က ထုတ်လွှင့်သည့် ငှက်သိုက် အမျိုးသားအားကစားရုံ၏ ကြီးမားသော နှစ်ပတ်လည် စတိတ်ရှိုးပွဲတစ်ခုတွင် နာမည်ကျော် မင်းသား ဂျက်ကီချန်းသည် တရုတ်-ဂျပန် ဒုတိယစစ်ပွဲအတွင်း ရေးစပ်ခဲ့သည့် ရှေးမူမပျက် မျိုးစိတ်ချစ်ဖော်ကျူးသော “မြစ်ဝါမြစ် တေးဂီတ” ၏ ခုနစ်ကြိမ်မြောက် လှုပ်ရှားမှုဖြစ်သည့် “မြစ်ဝါမြစ်ကို ခုခံကာကွယ်ခြင်း” ဆိုသည့် စိတ်ဓာတ်နိုးကြွစေသည့် တင်ဆက်မှုအစီအစဥ်တွင် ပါ၀င်ခဲ့သည်။

စစ်သားများသဖွယ် ၀တ်ဆင်ထားသည့် ထောင်နှင့်ချီသော တင်ဆက်သူများ ခြံရံလျက် စင်မြင်အလယ်တွင် ရပ်နေရင်း ၎င်းသည် ထိုင်၀မ်အဆိုတော် အန်ဂျလာ ချန်းနှင့် မကာအိုမှ လျို နိုင်ချီ တို့နှင့်အတူ ပူးပေါင်းပြီး “သင်တို့ရဲ့ အမိမြေကို ခုခံကာကွယ်ပါ၊ မြစ်၀ါမြစ်ကို ခုခံကာကွယ်ပါ၊ တရုတ်ရဲ့ အရာအားလုံးကို ခုခံကာကွယ်ပါ” ဆိုပြီး စိတ်ဓာတ်နိုးကြွစေဖွယ် သံပြိုင်အပိုဒ်ကို သီဆိုခဲ့သည်။

အဆိုပါ တူညီသော နေ့တွင် အဓိက မိန့်ခွန်းတစ်ခု ပြောကြားခဲ့စဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က သီးခြား အုပ်ချုပ်နေသည့် ထိုင်၀မ်ကို လိုအပ်ပါက အင်အားသုံးပြီး ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းစေမည့် တရုတ်၏ မသွေဖည်သော သမိုင်းမစ်ရှင်ကို ထုတ်ဖော်သွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required