ဘာလီဗုံးခွဲမှု သံသယရှိသူ၏ တရားရုံတွင် အမိန့်ချရမည့်နေ့အတွက် အမေရိကန် အခက်ကြုံနေ

ဘာလီဗုံးခွဲမှု သံသယရှိသူ၏ တရားရုံတွင် အမိန့်ချရမည့်နေ့အတွက် အမေရိကန် အခက်ကြုံနေ
Photo: AFP

သေဆုံးသူ ၂၀၂ ဦး ရှိခဲ့သည့် ၂၀ဝ၂ ခုနှစ် ဘာလီနိုက်ကလပ်ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ နောက်ကွယ်က ကြိုးကိုင်သည်ဟု စွပ်စွဲချက်ခံရပြီး ဆယ်စုနှစ်နှစ်ခုနီးပါးကြာသည့်အထိ “အရှေ့တောင်အာရှ၏ အိုစမာဘင်လာဒင်” ဟု လူသိများသော အကြမ်းဖက်သမားဟု သံသယရှိခြင်းခံရသူသည် ယခုအချိန်အထိ အမေရိကန်နှင့် အင်ဒိုနီးရှား နိုင်ငံစလုံးအတွက် ဒုက္ခပေးဆဲဖြစ်သည်။

ရီဒွမ် အစ်ဇာမူဒင်မှာ ဟမ်ဘာလီဟုလည်း လူသိများပြီး အမေရိကန်-ထိုင်းပူးတွဲစစ်ဆင်ရေးကာလအတွင်း အယုဒ္ဓယတွင် ဖမ်းဆီးခံခဲ့ပြီးနောက် ၂၀ဝ၆ ခုနှစ်ကတည်းက ဂွမ်တာနာမို အကျဉ်းစခန်းတွင် ထိန်းသိမ်းခဲ့ရသည်။

သြဂုတ်လ ၃၀ ရက်က သူနှင့် အပေါင်းအဖော်နှစ်ဦးတို့သည် အမေရိကန်စစ်ရေးကော်မရှင်ရှေ့၌ တရားစွဲဆိုမှုကို ရင်ဆိုင်ရချိန်တွင် နောက်ဆုံး၌ အမိန့်ချမှတ်မည်ဟု သူက မျှော်လင့်နေသည်။

သို့သော် ကျွမ်းကျင်သူများက သူ၏ ကံကြမ္မာနှင့်ပတ်သက်၍ မရေရာမှုများအဆုံးသတ်မည့်အစား အယ်လ်ကိုင်းဒါး၏ အရှေ့တောင်အာရှဌာနခွဲဖြစ်သော ဂျမားအစ္စလာမ်မီးရား၏ ခေါင်းဆောင်ဖြစ်ခဲ့သူတစ်ဦးအား တရားစွဲ ဆိုခြင်းသည် နှစ်နိုင်ငံစလုံးရင်ဆိုင်နေရသော ပြဿနာများကို ပိုမိုဆိုးရွားစေနိုင်သည်ဟု သတိပေးခဲ့ပြီး ၎င်းသည် ဒေသတွင်း အစွန်းရောက်များအတွက် သူရဲကောင်းအဖြစ် ဆက်လက် တည်ရှိနေမြဲဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

လုပ်ထုံးလုပ်နည်းအားလုံးဖြင့် တရားရုံးတွင် စစ်ဆေးခြင်းသည် အန္တရာယ်များသလို အမေရိကန်အတွက် အနှောင့်အယှက်ဖြစ်နိုင်ပြီး သူ့ကို ဆန့်ကျင်သည့် သက်သေများမှာ ခြိမ်းခြောက်အကျပ်ခံရနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

စစ်ဖက်တရားရုံးသည် ၎င်းအနေဖြင့် အင်ဒိုနီးရှားသို့ ပြန်ရန် သဘောတူသည့် အသနားခံစာကို ရယူခြင်းအားဖြင့် အပြည့်အဝတရားစွဲဆိုမှုကို ရှောင်ရှားနိုင်သော်လည်း သူ၏ သြဇာဆက်လက်လွှမ်းမိုးမှုကြောင့် သူ့ကိုခေါ်ယူရန် အင်ဒိုနီးရှားက ငြင်းဆန်လိမ့်မည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

အခြားသေဆုံးသူများအပြင် ဟောင်ကောင်သား ၁၁ ဦး သေဆုံးခဲ့ရသည့် ဘာလီဗုံးခွဲမှုအပြင် ၂၀ဝ၃ ခုနှစ် ဂျကာတာရှိ JW Marriott ဟိုတယ်တွင် လူ ၁၁ ဦး သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုနောက်ကွယ်တွင်လည်း ဟမ်ဘာလီရှိနေသည်ဟု စွပ်စွဲခံထားရသည်။

ဝါရှင်တန်အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခဇာချရီအဘူဇာက လုပ်ထုံးလုပ်နည်းအားလုံးဖြင့် တရားရုံးတွင် စစ်ဆေးခြင်းသည် အမေရိကန်အစိုးရအတွက် အလွန်ဆိုးကျိုးသက်ရောက်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required