မြန်မာစစ်တပ်က တရုတ်ထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်များ ထုတ်ပြ

မြန်မာစစ်တပ်က တရုတ်ထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်များ ထုတ်ပြ

မြန်မာနိုင်ငံသည် မကြာသေးမီက တရုတ်နိုင်ငံမှ ပထမအသုတ်အနေဖြင့် SY-400 (DF-12A ဟုလည်း ခေါ်သည်) တာတိုပစ် ပဲ့ထိန်းဒုံးကျည်စနစ်ကို ရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ရာ အဆိုပါ ပဲ့ထိန်းဒုံးလက်နက်များ (တရုတ်နိုင်ငံပြင်ပတွင် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည် ဟု ရည်ညွှန်းခေါ်ဝေါ်သည်) ကို အသုံးပြုသည့် ဒုတိယမြောက် ပြည်ပ နိုင်ငံဖြစ်လာခဲ့သည်။

ကာတာနိုင်ငံသည် SY-400 ပဲ့ထိန်းဒုံးကျည်များကို ပထမဆုံး အသုံးပြုသည့် ပြည်ပနိုင်ငံဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကာတာက အဆိုပါ ဒုံးကျည်များကို ပြသခဲ့သည်။ သို့သော် ကာတာသည် အဝေးထိန်းဒုံးကျည်များအစား BP12A နည်းဗျူဟာပဲ့ထိန်းစနစ်ကို ရွေးချယ်ခဲ့သည်။ မြန်မာနိုင်ငံကမူ ပဲ့ထိန်းဒုံးကျည်များ သို့မဟုတ် BP12A နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်စနစ်ကို လက်ခံရရှိခြင်း ရှိမရှိ မသိရသေးပေ။

SY-400 သည် မျိုးဆက်သစ် ဒုံးကျည်စနစ်တစ်ခုဖြစ်ပြီး တရုတ်အာကာသ သိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်းက တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သည်။

SY-400 သည် GPS / INS လမ်းညွှန်စနစ်တပ်ဆင်ထားသော တာတိုအတိအကျပစ် ဒုံးကျည်စနစ်ဖြစ်သည်။ ဒုံးကျည်များကို နှစ်ပေါင်းများစွာ ထပ်မံပြုပြင်ထိန်းသိမ်းရန်မလိုဘဲ သိမ်းဆည်းထားနိုင်သည်။

ဒုံးကျည်များကို ဒေါင်လိုက်ပစ်လွှတ်ရပြီး ကီလိုမီတာ ၄၀ဝ ခန့်အကွာအဝေးအထိ ပစ်ခတ်နိုင်သည်။ တောလမ်းများနှင့် လမ်းကြမ်းအမျိုးမျိုးတွင် သွားလာနိုင်သည့် ၈x၈ အလွယ်တကူ ရွေ့ပြောင်းလွယ်သည့် လောင်ချာများတပ်ဆင်ထားသည့် ယာဉ်များတွင် ယင်းလက်နက်စနစ်ကို တပ်ဆင်ထားခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။

တရုတ်စစ်ရေးလေ့လာသူ ရှောင်ဖေ့ကျူ၏ အဆိုအရ SY-400 ပဲ့ထိန်းဒုံးကျည်စနစ်၏ အရေးကြီးဆုံး လုပ်ဆောင်ချက်သည် ဒေါင်လိုက်ပစ်လွှတ်သည့်စနစ်ကို အသုံးပြုထားခြင်းဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဒုံးကျည်လောင်ချာများ သမိုင်းတွင် ပထမဆုံးဖြစ်သည်။

အစဉ်အလာ စောင်းပစ်ရသည့် လောင်ချာစနစ်နှင့် နှိုင်းယှဉ်ပါက ဒေါင်လိုက်ပစ်လွှတ်မှုစနစ်၏ အကြီးမားဆုံး အားသာချက်မှာ မည်သည့်လားရာရှိ ပစ်မှတ်မျိုးကိုမဆို အချိန်မရွေး ပစ်ခတ်နိုင်ခြင်းဖြစ်ပြီး အစဉ်အလာဒုံးကျည်လောင်ချာများကဲ့သို့ ဦးတည်ရာဘက်ကို လိုက်လံလှည့်လည်ရွှေ့ပြောင်းပေးရန် မလိုအပ်ပေ။

ထို့ကြောင့် အမြင့်နှင့် ဦးတည်ရာ ရွှေ့ပြောင်းရသည့် စက်များကို တပ်ဆင်ရန် မလိုအပ်ပေ။ ဒုံးကျည်ပစ်လွှတ်သည့် စနစ်သည် ရိုးရှင်းသည်။ အားနည်းချက်မှာ ဒုံးကျည်ဒီဇိုင်းမှာ အတော်လေးရှုပ်ထွေးပြီး အင်နားရှားစနစ်ကို အခြေခံသည့် ရှာဖွေရေးစနစ်နှင့် တွန်းကန်အားစနစ်ကို တိုးမြှင့်မှသာ ဒုံးကျည်အား ပစ်လွှတ်လိုက်ပြီးနောက်တွင် ကြိုတင်သတ်မှတ်ထားသော ပစ်မှတ်ဘက်သို့ လျင်မြန်စွာ ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။

မြန်မာစစ်တပ်သည် ပဲ့ထိန်းဒုံးကျည်များဝယ်ယူရန် စိတ်ဝင်စားကြောင်းကို ကာလကြာရှည်စွာကတည်းက ဖော်ပြခဲ့ပြီး မြောက်ကိုရီးယားမှ Hwasong-5 နှင့် Hwsaong-6 ဒုံးကျည်များအား ဝယ်ယူရန်လည်း စဉ်းစားခဲ့သည်။

ယင်းဒုံးကျည်များသည် Scud ဒီဇိုင်းအမျိုးမျိုးကို ပုံစံပြောင်းထားပြီး အကွာအဝေးများ ပိုဝေးဝေးနှင့် ပစ်မှတ်များကိုလည်း တိကျမှန်ကန်စွာ ပစ်ခတ်နိုင်သော်လည်း တီထွင်ထုတ်လုပ်ပြီးကတည်းက နောက်ပိုင်းတွင် အဆင့်တန်းမြင့်မြင့်နည်းပညာများ ပိုမြှင့်၍ မြောက်ကိုရီးယားတွင် ထုတ်လုပ်နိုင်ခြင်းမရှိတော့ပေ။

မြန်မာနိုင်ငံ၏ဒုံးကျည်များကို ကိုရီးယားအကူအညီဖြင့်တိုးတက်ခဲ့သည်ဟု ဆိုသော်လည်း ၎င်းတို့၏ ဝန်ဆောင်မှု သက်တမ်းကုန်ဆုံးမည့် အချိန်နီးကပ်လာသဖြင့် စစ်တပ်သည် ပိုမိုအဆင့်မြင့်သော တရုတ်နည်းပညာများ ဘက်သို့ လှည့်လာခြင်းဖြစ်သည်။

KNK-23 ကဲ့သို့သော စွမ်းဆောင်ရည်ကောင်းသည့် ကိုရီးယားထုတ်ကုန်များကို ဝယ်ယူခြင်းသည် အနာဂတ်တွင် ဖြစ်နိုင်ချေရှိသော်လည်း နည်းပညာအသစ်တွင် အစိုင်အခဲလောင်စာပေါင်းစပ် အသုံးပြုနိုင်ပြီး ပိုမိုကြီးမားသော ဒုံးကျည်ထိပ်ဖူးသယ်ဆောင်နိုင်သလို ပစ်မှတ်များကို တာဝေးမှ ပစ်ခတ်နိုင်ခြင်းနှင့် SY-400 ထက် ပိုမိုမြန်ဆန်သည့် နှုန်းဖြင့် သွားနိုင်ခြင်းတို့ ဖြစ်နိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required