တရုတ်ကွန်မြူနစ်ပါတီ၏ နှစ် ၁၀၀ ပြည့် သတင်းအား လျှော့ပေါ့စွာ ဖော်ပြခြင်းအပေါ် အမေရိကန် ကျွမ်းကျင်သူများ သတိပေး

တရုတ်ကွန်မြူနစ်ပါတီ၏ နှစ် ၁၀၀ ပြည့် သတင်းအား လျှော့ပေါ့စွာ ဖော်ပြခြင်းအပေါ် အမေရိကန် ကျွမ်းကျင်သူများ သတိပေး

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် သမ္မတ ရှီကျင့်ဖျင် ပြောကြားခဲ့သည့် မိန့်ခွန်းအား လျှော့လျှော့ပေါ့ပေါ့ ဖော်ပြခဲ့ခြင်းအပေါ် အမေရိကန် ကျွမ်းကျင်သူများက သတိပေးပြောကြားလိုက်သည်။

ယင်းသတင်းအား အမေရိကန်မီဒီယာများက ခပ်ပေါ့ပေါ့ ဖော်ပြခဲ့ခြင်းနောက်ကွယ်တွင် စီးပွားရေးနှင့်ဆိုင်သည့် အကြံအစည်များရှိနိုင်‌ကြောင်း ပထဝီနိုင်ငံရေး ကျွမ်းကျင်သူများက ယုံကြည်ထားသည်ဟု ဖော်ပြသည်။

အမေရိကန်နိုင်ငံမှ ထင်ရှားသည့် မီဒီယာများက တရုတ် CCP ပါတီသည် ဆိုးရွားသည့် လူ့အခွင့်အရေး မှတ်တမ်းများရှိနေသော်လည်း ၎င်း၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကျင်းပခြင်းကို ပျော်ပွဲရွှင်ပွဲ အခမ်းအနား ကျင်းပသည့်ပုံစံဖြင့် ဖော်ပြခဲ့ကြကြောင်း Fox News သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ဂေါ်ဒန်ချန်းက သတင်းမီဒီယာလုပ်ငန်းအတော်များများသည် တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်လိုသောကြောင့် ၎င်းတို့၏ သတင်းများကို လျှော့လျှော့ပေါ့ပေါ့ ဖော်ပြနေကြကြောင်း ပြောကြားသည်။

“သတင်းမီဒီယာလုပ်ငန်းတွေက တရုတ်နိုင်ငံမှာ စီးပွား‌ရေး လုပ်ချင်တာကြောင့် သတင်းကို လျှော့ပေါ့ဖော်ပြပြီး ဖော်ပြသင့်တဲ့အကြောင်းအရာတွေကို မဖော်ပြကြဘူး။ စီးပွားရေးနဲ့ ဆက်စပ်နေတယ်လို့ ယူဆပါတယ်” ဟု ၎င်းက Fox သတင်းဌာနသို့ ပြောကြားသည်။

CCP ပါတီ၏ နှစ် ၁၀၀ ပြည့်အခမ်းအနားတွင် သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံ၏ ဦးစာပေးလုပ်ငန်းများကို ထိခိုက်အောင် လုပ်ဆောင်သည့် နိုင်ငံများသည် မဟာသံမဏိတံတိုင်းကြီးအား ဦးခေါင်းဖြင့် ဝင်တိုက်၍ သွေးထွက်သံယို ဖြစ်သလို ကြုံတွေ့ရမည်ဟု ပြောကြားသည်။

တရုတ်သမ္မတက အမေရိကန်ကို ရည်ရွယ်ကာ ဝေ့ဝိုက်ပြောဆိုခဲ့သည့် အရေးကြီးသော အကြောင်းအရာကို မီဒီယာများက ထည့်သွင်းမဖော်ပြခဲ့ကြောင်းလည်း ချန်းက ပြောကြားသည်။

“မီဒီယာတွေမှာ ဖော်ပြသင့်တဲ့အချက်က ရှီကျင့်ဖျင်ဟာ အခြားနိုင်ငံတွေအပေါ်မှာ နယ်မြေပိုင်နက် ပုံဖော်ထားတာတွေရှိနေတယ်။ ဒါ့ကြောင့် သူပြောတာက သူ့အနေနဲ့ ဒေသတွင်းမှာ စစ်ပွဲ ဆင်နွှဲဖို့ လုပ်ဆောင်နေတယ်။ ဒီအချက်ကို မဖော်ပြခဲ့ဘူး။ အမေရိကန် မီဒီယာအများစုက တရုတ်နိုင်ငံအကြောင်း ဖော်ပြရာမှာ ပင်မအချက်ပျောက်နေသလို မိန့်ခွန်းထဲက အဓိကအချက်ကိုလည်း ဖော်ပြခြင်းမရှိဘူး” ဟု လည်း ၎င်းက မှတ်ချက်ပေးသည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း မိုက်ခ်ပွန်ပီယိုက တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ‘ဦးခေါင်းကွဲအောင် ထုနှက်ခံရမည်’ ဆိုသော မှတ်ချက်ကို လေးနက်စွာ ပြောကြားခဲ့ခြင်းကြောင့် သမ္မတဂျိုးဘိုင်ဒင် အစိုးရအနေဖြင့် တရုတ်အစိုးကို ရင်ဆိုင်ရာတွင် မူဝါဒများကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

ဘိုင်ဒင်အစိုးရအနေဖြင့် တရုတ်၏ ခြိမ်းခြောက်မှုကို အထူးသတိထားရန်နှင့် အမေရိကန်သည် အားပျော့နေသည်ဟု တရုတ်က သတ်မှတ်ထားကြောင်းလည်း ပွန်ပီယိုက ပြောကြားသည်။

“ဘိုင်ဒင်ရဲ့ အစိုးရ ခုဆိုရင် ၆ လရှိပါပြီ။ တရုတ်ရဲ့ ရန်လိုမှုတွေကို တုံ့ပြန်ဖို့ ပြင်ဆင်ထားတာ ဘာမှ မတွေ့ရသေးဘူး” ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

“ရှီက လေးလေးနက်နက် လုပ်နေတယ်။ သူက ယုံကြည်ချက်ရှိတယ်။ ရန်စွာတယ်။ အမေရိကန် အားလျော့နေပြီလို့ သူက မြင်နေတယ်။ သူဒီလိုထင်တာ မှားနေပေမယ့် အဲဒီလိုမှားတယ်ဆိုတာကို အမေရိကန်ခေါင်းဆောင်တွေက သက်သေပြနိုင်ရမယ်” ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required