မြေထဲပင်လယ်မှာ မဟာဗျူဟာမြောက် ရေတပ်စခန်း အီဂျစ် ဖွင့်လှစ် 

မြေထဲပင်လယ်မှာ မဟာဗျူဟာမြောက် ရေတပ်စခန်း အီဂျစ် ဖွင့်လှစ် 
Photo - AFP

ဇူလိုင် ၅

သင်္ဘောအသွားအလာ ရေလမ်းကြောင်းများ ဘေးကင်းလုံခြုံစေဖို့ မြေထဲပင်လယ်မှာ မဟာဗျူဟာမြောက် ရေတပ်စခန်းကို အီဂျစ်သမ္မတ အက်ဘ်ဒဲလ်ဖာတက်ရှ်အယ်လ်စီစီက ဖွင့်လှစ်ပေးခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ပါတယ်။ 

“ဒါဟာ မြေထဲပင်လယ်မှာ နောက်ဆုံး အီဂျစ်စစ်စခန်းပါပဲ၊ နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းတွေ ဘေးကင်းလုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်”ဆိုပြီး အီဂျစ်သမ္မတရုံးက ထုတ်ပြန်ပါတယ်။ 

ဒီ ရေတပ်စခန်း ဖွင့်ပွဲအခမ်းအနားဆီ ယူအေအီး အိမ်ရှေ့မင်းသား ရှိတ်မိုဟာမတ်ဘင်ဇာယက်ဒ်အယ်နက်ရှ်ယာနဲ့ လစ်ဗျား သမ္မတကောင်စီအဖွဲ့အကြီးအကဲ မိုဟာမတ်အယ်မန်ဖီတို့ တက်ရောက်ခဲ့ပါတယ်။ 

အခု ရေတပ်စခန်းဟာ အလက်ဇန္ဒြားမြို့ အနောက်ဖက် မိုင် ၁၆၀ ခန့်လောက်ကနေ အီဂျစ်ရော၊ ယူအေအီးပါ အဓိကစစ်ရေး ပါဝင်ပတ်သက်မှုတွေ ရှိနေတဲ့ လစ်ဗျားနိုင်ငံရဲ့ နယ်စပ်ဆီထိ တည်ရှိပါတယ်။ 

တူနီးရှားနိုင်ငံမှာ နိုဝင်ဘာလအတွင်းက ကုလသမဂ္ဂ လုပ်ငန်းစဉ်အားဖြင့် ထွက်ပေါ်လာခဲ့တာဖြစ်ခဲ့တဲ့ လစ်ဗျားရဲ့ အသွင်ကူးပြောင်းရေး နိုင်ငံတော်အုပ်ချုပ်မှုကဏ္ဍသစ်ကို ဂျီနီဗာမှာ မဲပေးခဲ့ကြပြီနောက် မတ် ၁၀ ရက်က လစ်ဗျားလွှတ်တော်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။  

လစ်ဗျား အရှေ့ပိုင်းနယ်မြေမှာ အခြေစိုက်ပြီး အရင် အစိုးရလက်အောက်ကနေ မြို့တော် ထရီပိုလီကို သိမ်းပိုက်ဖို့ကြိုးစားခဲ့တဲ့ လစ်ဗျားစစ်တပ် သဘောထားတင်းမာသူ ခါလီဇာဟာဖတာကို အီဂျစ်နဲ့ ယူအေအီးတို့က အဓိက ကျောထောက်နောက်ခံပြုထားတယ်လို့ ယူဆထားကြတာလည်း ဖြစ်ပါတယ်။ 

ဧပြီလအတွင်းမှာတော့ အီဂျစ် ဝန်ကြီးချုပ် မိုစတာဖာမက်ဘိုလီဟာ လစ်ဗျားဆီ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား နွေးထွေးတဲ့ ဆက်ဆံရေးလက္ခဏာအဖြစ် လစ်ဗျား ကြားဖြတ်ဝန်ကြီးချုပ် အဒူဟာမစ်ဘေးဘားနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

အဒူဟာမစ်ဘေးဘားကလည်း ရွေးကောက်ပွဲအပြီး ပထမဆုံး တရားဝင်ပြည်ပခရီးစဉ်အဖြစ် ဖေဖော်ဝါရီမှာ အီဂျစ်နိုင်ငံဆီ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ယူအေအီးနိုင်ငံဆီလည်း ဧပြီလအတွင်း သွားရောက်ခဲ့ရာမှာ အိမ်ရှေ့မင်းသား ရှိတ်မိုဟာမတ်က ပျူငှာစွာကြိုဆိုပြီး လစ်ဗျားအစိုးရသစ်ကို ထောက်ခံကြောင်း ဖော်ပြခဲ့ပါတယ်။ 

အခု ရေတပ်စခန်း ဖွင့်ပွဲမှာ စစ်ရေယာဉ်အချို့၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ တိုက်လေယာဉ်တွေ ပါဝင်တဲ့ စစ်ချီစစ်တက် လေ့ကျင့်မှုကို သမ္မတ စီစီနဲ့ အထူးဧည့်သည်တော်တွေက ကြည့်ရှုခဲ့ကြပါတယ်။ 

အခု ရေတပ်စခန်းမှာ လေယာဉ်ဆင်းကွင်းတစ်ခုနဲ့ မီတာ ၁၀၀၀ ရှည်တယ် သင်္ဘောကပ်ဆိပ်ခံတံတားတစ်စင်းလည်း ပါဝင်တယ်လို့ နိုင်ငံပိုင် Akhbar Al-Youm သတင်းဖော်ပြခဲ့ပါတယ်။ 

ရေတပ်စခန်းရဲ့ အမည်ကိုတော့ စီစီဦးဆောင်တဲ့ စစ်တပ်က အစ္စလာမ္မစ်သမ္မတ မိုဟာမတ်မော်စီကို လွန်ခဲ့တဲ့ ရှစ်နှစ်က ဖြုတ်ချခဲ့တဲ့ နေ့စွဲကို ယူပြီး ‘ဇူလိုင် သရီး’လို့ အမည်ပေးထားပါတယ်။ 

အီဂျစ်အနေနဲ့ မြေထဲပင်လယ်မှာ အခြား ရေတပ်စခန်း သုံးခုနဲ့ ပင်လယ်နီမှာ ရေတပ်စခန်းတစ်ခု ရှိထားတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required