CDM ဝန်ထမ်းတွေနဲ့ ကျဆုံးသူရဲကောင်းတွေကို ကူညီဖို့ ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု

CDM ဝန်ထမ်းတွေနဲ့ ကျဆုံးသူရဲကောင်းတွေကို ကူညီဖို့ ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု

ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတွေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ချက်ကြောင့် ထိခိုက်ကျဆုံး ခံစားခဲ့ရသူတွေကို အကူအညီတွေ ပေးအပ်ဖို့ တင်သွင်းတဲ့အဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က သဘောတူလိုက်ပါတယ်။

ဒီကနေ့ (ဇူလိုင်လ ၅ ရက်) မနက်ပိုင်း အွန်လိုင်းကနေကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ တင်သွင်းတဲ့အဆိုတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်သူမရှိတဲ့အတွက် တိုင်းဒေသကြီးလွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းက အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ဝန်ထမ်းတွေကို အကူအညီပေးရေးအဆိုကို လမ်းမတော်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက တင်သွင်းခဲ့တာဖြစ်ပြီး နွေဦးတော်လှန်ရေး ကာလ ကျဆုံးခဲ့သူတွေအတွက် အကူအညီပေးရေးအဆိုကိုတော့ လသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရရှိရေးအတွက် ကြွေးကြော်ဆန္ဒပြရင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်း တင်သွင်းတဲ့အဆိုကိုလည်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။

အဲဒီအဆိုကို ဒလမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက တင်သွင်းခဲ့တာဖြစ်ပြီး စမ်းချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ထောက်ခံဆွေးနွေးပြီး အဆိုကို မှတ်တမ်းတင် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ ကျဆုံးပြည်သူ ၈၉၀ ဦးနဲ့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၆၄၈၁ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly