စစ်အုပ်စုခေါင်းဆောင်နာရေးပုံစံဆန္ဒပြမှုတွင် ပါဝင်ဟုဆိုကာ ပြည်မြို့က အမျိုးသမီးကို ဖမ်းဆီး

စစ်အုပ်စုခေါင်းဆောင်နာရေးပုံစံဆန္ဒပြမှုတွင် ပါဝင်ဟုဆိုကာ ပြည်မြို့က အမျိုးသမီးကို ဖမ်းဆီး

ဇူလိုင် ၄

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နာရေးပုံစံအခေါင်းထမ်းဆန္ဒပြမှုမှာ ပါဝင်တယ်ဆိုပြီး ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ သန္ဓေပင်ရပ်ကွက်နေ မသန္တာလင်းဆိုသူကို ဒီနေ့ ဇူလိုင်လ ၄ ရက် မနက်ပိုင်းက နေအိမ်မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

“မနက် ၁ဝ နာရီနဲ့ ၁၁ နာရီကြားမှာ ဝင်လာတယ်။ ယူနီဖောင်းအပြည့်အစုံနဲ့က တစ်ယောက်၊ စုစုပေါင်း ၁ဝ ယောက်၊ ၁၅ ယောက်လောက်ရှိမယ်။ အိမ်ကို တည့်တည့်ဝင်လာပြီး သန္တာလင်းဆိုပြီး ရှာတယ်။ လာရှာတဲ့သူတွေက သန္တာလင်းဆိုတာ ဘယ်သူမှန်း မသိတဲ့ပုံပဲ။ ဓာတ်ပုံရိုက်သွားပြီး ကားထဲမှာ ရှိနေတဲ့သူကို သွားပြတယ်။ ဟိုက ဟုတ်တယ်လို့ ပြောလိုက်လို့ ထင်တယ် ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။

ဇူလိုင်လ ၃ ရက်နေ့က စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့မှာ အရင် စစ်အာဏာသိမ်းပြီးကာစအချိန်က အခေါင်းထမ်းဆန္ဒပြခဲ့တဲ့ ဗီဒီယိုအဟောင်းကို ပြန်တင်တာတွေရှိခဲ့ပြီးနောက်တစ်နေ့မှာ စစ်ကောင်စီတပ်တွေက မသန္တာလင်းကို နာမည်အတိအကျနဲ့ အိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ 

 “အာဏာသိမ်းကာစက ဆန္ဒပြတဲ့ ဗီဒီယိုကို မနေ့က ပြန်ရှယ်ကြတယ်။ ပြီးတော့ Tiktok တွေမှာလည်း ဆော့ကြတယ်။ အဲ့ဒါ မနေ့ကမှ လုပ်တယ်ထင်ပြီးတော့လား မသိဘူး လာဖမ်းတာ” လို့ ပြောပါတယ်။

မသန္တာလင်းအပါအဝင် အမျိုးသမီး သုံးဦး၊ အမျိုးသား သုံးဦး စုစုပေါင်း ၆ ဦးဟာ အဲ့ဒီဆန္ဒပြမှုမှာ ပါဝင်တယ်ဆိုပြီး ဒီနေ့ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပုံနဲ့ အခေါင်းထမ်းပြီး ဆန္ဒပြတဲ့ အဲ့ဒီဗီဒီယိုထဲမှာတော့ ဆန္ဒပြသူအချို့ဟာ နှာခေါင်းစည်းတပ်ထားပြီး အချို့ကတော့ မျက်နှာမှာ ဘာမှ မတပ်ထားကို တွေ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required