ဆိုက်ပရက်စ်မှာ ဆယ်စုနှစ်တွေအတွင်း အဆိုး၀ါးဆုံး တောမီးလောင်ကျွမ်းမှုတွေကြောင့် လူ ၄ ဦး သေဆုံး

ဆိုက်ပရက်စ်မှာ ဆယ်စုနှစ်တွေအတွင်း အဆိုး၀ါးဆုံး တောမီးလောင်ကျွမ်းမှုတွေကြောင့် လူ ၄ ဦး သေဆုံး
Photo - AFP

ဇူလိုင် ၄

ဆိုက်ပရက်စ်နိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုး၀ါးဆုံးသော ‌တောမီးလောင်ကျွမ်းမှုတွေကြောင့် ယခုအခါ လူလေးဦး သေဆုံးခဲ့သလို နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ဒေသခံတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေကို လုပ်ဆောင်နေရပါတယ်။

အဆိုပါ မြေထဲပင်လယ် ကျွန်းနိုင်ငံရဲ့ တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရာမှာ အကူအညီပေးဖို့အတွက် ဂရိ၊ အစ္စရေးနဲ့ အခြားနိုင်ငံတွေကလည်း မီးသတ်လေယာဥ်တွေ စေလွှတ်ပေးထားပါတယ်။

ဆိုက်ပရက်စ်နိုင်ငံမှာ မြင့်မားတဲ့ အပူလှိုင်းတစ်ခုနဲ့ ရင်ဆိုင်နေရချိန် ဇူလိုင် ၃ ရက် နေ့လည်ပိုင်းမှာ နိုင်ငံတောင်ပိုင်း ထရူးဒိုစ်တောင်တန်းရဲ့ တောင်ခြေရှိ ဒေသတွေမှာ တောမီးလောင်ကျွမ်းမှုတွေ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

“ဒါက ကံဆိုးမိုးမှောင်ကျမှုပါပဲ” လို့ ဆိုက်ပရက်စ် သမ္မတ နီကိုစ် အေနက်စ်တာဆီယာဒက်စ်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ယခုတောမီးဟာ ၁၉၇၄ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးသော တောမီးလောင်ကျွမ်းမှုဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။

တောမီးကြောင့် လူ့အသက်ဆုံးရှုံးမှုတွေဖြစ်ခဲ့ရသလို နေအိမ်အဆောက်အအုံတွေ၊ သစ်တောမြေတွေ မီးလောင်ပျက်စီးခဲ့ကြောင်း ၎င်းက ပြောပါတယ်။

အစိုးရအနေနဲ့ တောမီးကြောင့် အသက်ဆုံးရှုံးရသူတွေရဲ့ မိသားစုတွေကို ချက်ချင်း ကူညီထောက်ပံ့ပေးမယ်လို့လည်း ၎င်းက ပြောခဲ့ပါတယ်။

“မီးလောင်ဆုံးရှုံးမှုတွေထဲမှာ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ချန်ထားခဲ့မှာမဟုတ်ပါဘူး” လို့လည်း ၎င်းက ပြောပါတယ်။

လက်ရှိအချိန်မှာ တောမီးကို ငြှိမ်းသတ်နိုင်ဖို့ ကြိုးပမ်းနေပြီး ဆိုက်ပရက်စ်အစိုးရအနေနဲ့ အစ္စရေးနဲ့ အီးယူဆီကနေ အ‌ရေးပေါ်အကူအညီတွေ တောင်းခံထားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required