မြန်မာပြည် ဈေးကြီးလှသည် (၂)

မြန်မာပြည် ဈေးကြီးလှသည် (၂)

ဇူလိုင် ၄

မြန်မာပြည်မှာ နေစရိတ်က ဈေးကြီး၊ စားစရိတ်က မသက်သာ။ ကြက်ဥတလုံး ၁၄၀ ကျပ်ဆိုပေမယ့် တနေ့ ဝင်ငွေက ကျပ် ၅ ထောင်။ အဲလိုဆိုတော့ ကျပ်၁၄၀ဆိုတာ တနေ့ ကျပ် ၁ သိန်း ၈ သောင်းဝင်တဲ့ ဆန်ဖရန်စစ္စ ကိုမြို့က အောက်ခြေသိမ်းဝန်ထမ်းတယောက် ပေးနေရတဲ့ ကြက်ဥတလုံး ကျပ် ၄၀၀ ဆိုတာထက် ပိုဈေးကြီးနေ တယ်။ မြန်မာပြည်မှာ စားစရိတ်နဲ့ နေစရိတ်တွေက ဈေးကြီးလွန်းတော့ သားသမီးတွေကလဲ အိမ်ထောင်ကျပြီး အိမ်ခွဲမနေနိုင်။ ဖေဖေ၊ မေမေတွေနဲ့ပဲ ဆက်နေကြ။ ဒီမှာ စတုရန်းပေ ၆၀၀ ကျော်တိုက်ခန်းတွေမှာ တယောက်ထဲ နေနေတဲ့ သူငယ်ချင်းတွေ ကျဉ်းလှချည်ရဲ့ဆိုပြီး ညဉ်းညူကြရင် သူတို့ကို ပြောပြဖြစ်တယ်။ ငါကြီးပြင်းလာရတဲ့ ရန်ကုန်မှာ တိုက်ခန်းတခန်းက ပျမ်းမျှဆို ၁၂.၅ x ၅၀ ပေ ။ စတုရန်းပေအားဖြင့်ဆို ၆၂၅။ နည်းနည်းပိုကျယ်တဲ့ တိုက်ခန်းက ၁၅ x ၆၀ ပေဆိုတော့ စတုရန်းပေအားဖြင့်ဆိုရင် ၉၀၀။

အဲလို တိုက်ခန်းမျိုးတွေမှာ ဖေဖေ၊ မေမေ ရယ်။ သား၊ ဒါမှမဟုတ် သမီးရယ်။ သူတို့ အိမ်ထောင်ဖက်တွေရယ်။ သူတို့ သားသမီးတွေရယ် နေကြရတာလို့။ တချို့အိမ်တွေဆိုရင် ဖိုးဖိုး၊ ဖွားဖွားပါ ပါလိုက်သေးတယ်။

မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလဲ မညီမျှတဲ့အခါကျတော့ ရန်ကုန်ကိုပဲ လူတွေက စုပြုံတိုးနေပြီး ရန်ကုန်ကနေ အခြားမြို့တွေကို ပြောင်းရွှေ့နေထိုင်သူတွေက မရှိသလောက် နည်းနေတယ်။ ရန်ကုန်က တိုက်ခန်းတွေက ငါး သေတ္တာဗူးတွေလို ဖြစ်လာကုန်တယ်။ လူတွေ ပြွတ်ကျပ်ညှပ်၊ မလှမပ၊ ဘယ်လောက်ခိုင်ခန့်သလဲဆိုတာလဲ မသိ ရတဲ့ တိုက်ခန်းတွေကလဲ နေရာအနှံ့။ ရန်ကုန်ရောက်တော့ တိုက်တတိုက်နောက်ဖက်က အရေးပေါ်လှေကား ဆိုတာ တွေ့မိလိုက်တော့ ရယ်လဲရယ်ချင်တယ်။ စိတ်လဲ မကောင်းဘူး။ ကြောင်တကောင်အလေးချိန်တောင် ခံနိုင်ချင်မှ ခံနိုင်မယ့်လှေကား။ အဲ၊ လှေကားနဲ့ဆင်းပြေးရရင်တော့ အသက်အန္တရယ်ရှိဖို့က အတော်ကို ရာနှုန်းများ နေတယ်။ သူငယ်ချင်းတယောက်ကတော့ ပြောတယ်။ အာဏာပိုင်ကလဲ လှေကားရှိရင်ပြီးရောလို့ သတ်မှတ် တယ်။ ကန်ထရိုက်တာနဲ့ အင်ဂျင်နီယာကလဲ အဖြစ်၊ ပါတယ်ဆိုရုံလေး ထည့်ပေးထားတယ်တဲ့။ 

ပြွတ်ကျပ်ညှပ်လွန်းအားကြီးတော့ ကျွန်တော်ကြီးခဲ့တုန်းကလို လမ်းပေါ်မှာ ပြေးလွှားဖို့ဆိုတာ နေရာမရှိတော့ ဘူး။ ဘောလုံးလဲ ကန်ဖို့ ခက်လာတယ်။ ခြင်းခတ်ဖို့လဲ နေရာအတော်ရှား။ ညီအကိုလိုခင်တဲ့ မိတ်ဆွေတယောက် က သူ့သား မြေကြီးနဲ့ ရွှံ့ဗွက်တွေနဲ့ ဆော့ချင်တယ်ဆိုတော့ ဟိုရှာ၊ ဒီရှာနဲ့ နေရာရှာမတွေ့ဘူးတဲ့။ နောက်တ ယောက်ကတော့ ပြောတယ်။ ကလေးတွေက အခု ခြေထောက်နဲ့ ဘောလုံးမကန်တော့ဘူးတဲ့။ ပီအက်စ်တူးတွေ နဲ့ ကွန်ပြူတာပေါ်မှာ ကန်နေကြတာတဲ့။ 

ပြည့်ကျပ်ညှပ်ဘ၀မှာ နေနေရတော့ မိဘနဲ့မခွဲမခွါ ချစ်ချစ်ခင်ခင်နေပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေကလဲ ပြကြရတာပေါ့။ မိဘကို ဘယ်လိုပြုစုသလဲတော့ မသိဘူး။ မိဘအိမ်မှာနေတော့ အိမ်စရိတ်မပေးရဘူး။ ကလေး ထိန်းဖို့ အလုပ်သမား မလိုဘူး။ ဒီကြားထဲ မိဘက ဈေးဖိုးပေးတဲ့အပြင် ထမင်း၊ ဟင်းပါ ချက်ကျွေးလိုက်သေး တယ်။ တအိုးတအိမ်ထူထောင်တယ်ဆိုတာ စာအုပ်၊ စာပေတွေထဲမှာပဲ ရှိတော့ပုံပေါ်တယ်။ 

စားဝတ်နေရေးတင် ဈေးကြီးသလားဆိုတော့ မဟုတ်ပြန်ဘူး။ ကျန်းမာရေးစရိတ်ကလဲ အတော်ကို ကုန်ကျ တယ်။ ပုံမှန်လက်လုပ်လက်စားတင်မကဘူး။ တလ ၁၀ သိန်း ဝန်းကျင်နဲ့ ရုံးတွေမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်း သူငယ်ချင်းတွေကို မေးကြည့်မိတယ်။ မင်းတို့ နေထိုင်မကောင်းဖြစ်ရင် ကုန်ကျမယ့်အသုံးစရိတ်အတွက် ဘယ် လို စီစဉ်စုဆောင်းကြသလဲဆိုတော့ တချို့က ရယ်တယ်။ စားဖို့သောက်ဖို့၊ အိမ်စရိတ်၊ ကလေးစရိတ်နဲ့တင် လုံး လည်ချာလပတ် ရမ်းနေတာ။ နေထိုင်မကောင်းဖြစ်ရင် ဆေးကုဖို့ဆိုတာကို နေထိုင်မကောင်း မဖြစ်မချင်း မတွေး နိုင်ဘူးတဲ့။

အဖေကတော့ ပြောဖူးတယ်။ မြန်မာပြည်မှာနေတာ မျက်စိတဆုံးကြည့်လို့မရဘူးတဲ့။ မင်း ရူးသွား လိမ့်မယ်တဲ့။ မျက်တောင်မွှေးတဆုံးလောက်ပဲ ကြည့်တဲ့။ မရေရာ၊ မသေချာလွန်းတဲ့ဘ၀မှာ နေနေကြရတော့ ဗုဒ္ဓ မြတ်စွာဘုရားရဲ့ ပစ္စုပ္ပန်မှာနေထိုင်ခြင်းဆိုတဲ့ အဆုံးအမကို အကြီးအကျယ်လိုက်နာကြတယ်။ 

တချို့ကတော့ ပြောတယ်။ စုလဲ ဘယ်လောက် စုနိုင်မှာလဲတဲ့။ ဘာဖြစ်မှန်း၊ ဘာလိုမှန်းမှ မသိတာတဲ့။ မင်းတို့ဆီ မှာရောလို့ ပြန်မေးကြတယ်။ မဆလခေတ်မှာ မူလတန်းတက်ခဲ့ရပြီး န၀တခေတ်မှာ အထက်တန်းတက်၊ အရွယ် ရောက်ခဲ့ရတော့ တို့ဗမာ အတွေးအခေါ်၊ အသင်အပြ၊ အဆုံးအမတွေနဲ့ ကြီးခဲ့ရတယ်။ ကြားခဲ့ရတာတခုက အမေ ရိကားမှာ ပိုက်ဆံမရှိရင် အသေထားလိုက်တယ်။ မကုပေးဘူးတဲ့။ မေတ္တာတရား မရှိကြဘူးတဲ့။ ဒီရောက်လာပြီး ကိုယ်တိုင်လဲ ထဲထဲဝင်ဝင် မြင်တွေ့လာရတော့ ငယ်ငယ်က ကြားဖူးခဲ့တာတွေက အတော်မမှန်ဘူးဆိုတာ သိလာ ရတယ်။ အမေရိကန်ကျန်းမာရေးစောင့်ရှောက်မှုမှာ အားနည်းချက်တွေ ရှိတယ်။ ဥရောပတိုက်နဲ့ နှိုင်းယှဉ်ရင် လို အပ်ချက်တွေ ရှိတယ်။ ဒါပေမယ့် ဆေးရုံရောက်နေတဲ့လူနာကို ပိုက်ဆံမပေးလို့ အသေတော့ မခံဘူး။ ဥပဒေအရ အဲဒါ အပြစ်ရှိတယ်။ လုပ်လို့ကိုမရဘူး။ 

အမေရိကားမှာ ပုံမှန် အလုပ်လုပ်တဲ့လူအများစုက သူတို့အလုပ်က ရတဲ့ ကျန်းမာရေးအာမခံရှိတယ်။ တချို့အာမ ခံတွေက တချို့အာမခံထက် ပိုကောင်းတယ်။ ကောင်းမကောင်းပေါ်မှာ မူတည်ပြီး ဆရာဝန်သွားပြရင်၊ ဆေးရုံ တက်ရရင် ကိုယ့်ဖက်က စိုက်ပေးရတယ်။ များသောအားဖြင့်တော့ ဆရာဝန်သွားပြတာမျိုးကနေ စလို့၊ ကလေး မွေးတာမျိုးအလယ်၊ နှလုံးမှာ စက်တပ်တာမျိုးအဆုံး ကိုယ့်ဖက်က ကုန်ကျစရိတ်နဲ့ယှဉ်ရင် မပြောပလောက်တဲ့ ငွေကြေးကိုပဲ စိုက်ပေးတတ်ရတယ်။ ဆေးဝယ်တယ်ဆိုလဲ ဒီလိုပဲ။ ကိုယ့်ဖက်က နည်းနည်းပဲ စိုက်ပေးရတယ်။ အလုပ်မရှိသူတွေ၊ မရှိဆင်းရဲသားတွေဆိုရင်တော့ အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွေကို လျှောက်ကြတယ်။ အဲအစီအစဉ်တွေက လစဉ်ကြေးအနည်းငယ်ကနေ လစဉ်ကြေးမယူတာအထိ ရှိတတ်တယ်။ အလုပ်ပြန်ရရင်၊ လစာကောင်းလာရင်တော့ အဲအစီအစဉ်တွေကို ဆက်သုံးလို့မရတော့ဘူး။ အစိုးရကျန်းမာရေး စောင့်ရှောက်မှုက ရှိသမျှရောဂါအကုန်လုံးကို မကုပေးဘူးဆိုပေမယ့် တော်ရုံတန်ရုံဖျားနာတာမျိုးကနေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ခွဲစိတ်ကုသမှုတွေအထိ တာဝန်ယူလုပ်ပေးတတ်တယ်။ ဆင်းရဲလွန်းလို့ အစိုးရအစီအစဉ်နဲ့ ဆေးကုရ ပြီဆိုရင်တော့ ကိုယ့်ဖက်က ဘာမှ မပေးရသလောက်ပဲ။ 

ခွဲစိတ်ကုသမှုကြီးကြီးကျယ်ကျယ်လုပ်ထားရတယ်ဆိုရင် အိမ်တန်းပြန်မပို့ဘဲ နလန်ထဋ္ဌာနတွေကိုပါ ကျန်းမာရေး အာမခံကနေပဲဖြစ်ဖြစ်၊ အစိုးရအစီအစဉ်အရပဲဖြစ်ဖြစ် ပို့ပေးတတ်တယ်။ အဲမှာ တပတ် ၁၀ ရက်နေ တချို့ဆို တလကိုးသီတင်း ကြာသွားတဲ့အထိနေပြီးမှ အိမ်ပြန်ကြတယ်။

ကိုယ်ပိုင်အလုပ်လုပ်ပြီး ငွေကြေးအဆင်ပြေတဲ့လူတွေကတော့ ကျန်းမာရေးအာမခံဝယ်ပေးမယ့် အလုပ်ရှင် သူ‌ေဋ္ဌးလဲ မရှိ၊ အစိုးရကလဲ မရှိဆင်းရဲသားလို့ မသတ်မှတ်တော့ ကိုယ့်ဘာသာကိုယ် ကျန်းမာရေး အစောင့်အရှောက်ဝယ်ရ တယ်။ 

ရန်ကုန်မှာ ဆရာဝန်တခါပြရင် ရပ်ကွက်ထဲက ရိုးရိုးဆရာဝန်ဆိုရင် ၆ ထောင်ဝန်းကျင် အနည်းဆုံး ပေးရတယ် ဆိုတော့ တနေ့၅ထောင်ကျပ်ဝန်းကျင်ရတဲ့ ဆင်းရဲသားတယောက်က တရက်လုံးလုပ်တောင် ဆေးခန်းပြဖို့ မ လောက်သေးဘူး။ အထူးကုဆီပြရင် အထူးပေးရတယ်ဆိုတော့ အနည်းဆုံး ၂ ဆလောက် ပိုကုန်တယ်။ အထူးကု တယောက်ဆီမှာ ပြဖို့ဆိုရင် တရက်လုပ်မှ ငွေ ၅ ထောင်ရတဲ့ နေ့စားတယောက်က သူ့လုပ်ခရဲ့ အနည်းဆုံး ၃ရက်စာကို သုံးရမယ်။ ဒီမှာ ဆရာဝန် သွားပြရင် ကိုယ့်အလုပ်ရှင်က ဈေးပေါတဲ့အာမခံဝယ်ပေးထားရင် (အခြေခံဝန်ထမ်း) တရက်လုပ်ခရဲ့ ၃ ပုံ၁ ပုံ လောက် ကုန်တယ်။ ကိုယ့်ကျန်းမာရေးအာမခံက ကောင်းရင်တော့ တနေ့ဝင်ငွေရဲ့ ၁၅% လောက် ပေးရတယ်။ ဒီမှာ တနာရီ၊ နှစ်နာရီလောက် လုပ်လိုက်တာနဲ့ ဆရာဝန်ပြလို့ ရပြီ ဆိုတဲ့ အချိန်မှာ ရန်ကုန်မှာတော့ တရက်လုံးလုပ်တာ တောင် ရပ်ကွက်ထဲက ရိုးရိုးဆရာဝန်ပြဖို့ မလောက် ငှပြန်ဘူး။ 

ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်မှားလို့၊ ဆေးရုံရဲ့ ကုသမှုမှားလို့ လူနာဖက်က လျော်ကြေးပြန်ရတာတို့၊ လူသိရှင်ကြား ပြန်တောင်းပန်ခံရတာတို့ကို ထည့်မတွက်ထားသေးဘူး။ ရန်ကုန်က ဘွဲ့တွေတသီကြီးရထားတဲ့ ပါမောက္ခအထူး ကု ဆရာဝန်ကြီးတယောက်ပြောခဲ့ဖူးတာ မှတ်မိသေးတယ်။ မြန်မာပြည်မှာ ဆေးကုရတာ အန္တရယ်ကင်းတယ် တဲ့။ ပြ ဿနာရှာခံရတာ မရှိဘူးတဲ့။ ကိုယ့်ကြောင့် တခုခုဖြစ်သွားရင်တောင် လူနာရဲ့မိသားစုက မျက်နှာငယ်လေး နဲ့ ဆရာ ကြီးရယ်၊ ဆရာကြီးလူနာတော့ ဒီလိုဖြစ်သွားပြီ၊ ဟိုလိုဖြစ်သွားပြီ၊ ဆုံးပါးသွားရှာပြီ စသဖြင့် ပြောတတ် ကြတယ်တဲ့။ ပိုက်ဆံလဲ သောက်သောက်လဲ ရတယ်။ အကန်တော့လဲ ခံရသေးတယ်ဆိုတော့ သူက နိုင်ငံခြားမှာ ဆရာဝန်သွား လုပ်ဖို့ စဉ်းကိုမစဉ်းစားဖူးဘူးတဲ့။ 

တိုင်းပြည်ရဲ့ လုပ်အားလခနဲ့ နှိုင်းယှဉ်ရင် ဆေးကုဖို့ပေးရတဲ့ပိုက်ဆံက နင့်ကနဲ။ လူနာတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး ကကျတော့ မယ်မယ်ရရ မရှိလှပြန်ဆိုတော့ မိအေးနှစ်ခါနာဆိုသလိုမျိုးများ ဖြစ်နေမလားပဲ။ 

အနာဂတ်မှာ ကိုယ့်ကျန်းမာရေးက ဘာဖြစ်လာနိုင်မလဲ မသိဘူး။ ကျန်းမာသန်စွမ်းဖို့ မကျိန်းသေပေမယ့် မကျန်း မာရင်တော့ ငွေထုတ်ပိုက်လိုက်ရဖို့ အတော်ကျိန်းသေတယ်။ မြန်မာပြည်တော့ မသိဘူး။ အမေရိကားမှာ နေနေ တာကြာပြီဖြစ်တဲ့ တရုတ်သူငယ်ချင်းတယောက်က တရုတ်ပြည်ပြန်သွားလည်ရင်းနဲ့ ဖျားပါလေရောတဲ့။ အဲဒါနဲ့ ဆေးရုံသွားပြတော့ သူ့နာမည်ကို မခေါ်လို့ ထိုင်စောင့်နေတာ အတော်ကြာလာတော့ မြို့ထဲက အသိတယောက်ကို ဖုန်းဆက်လှမ်းမေးကြည့်တယ်။ သူ ထိုင်နေတာက ဆေးရုံကကောင်တာစားပွဲနဲ့ အတော်နီးတယ်တဲ့။ အခုထက်ထိ မခေါ်သေးဘူး။ ဘာဖြစ်လို့လဲလို့ မေးကြည့်တော့ သူ့သူငယ်ချင်းက မင်းငွေသွင်းပြီးပြီလားလို့ မေးတယ်တဲ့။ သူ က မသွင်းရသေးဘူး။ ဆရာဝန်နဲ့တွေ့ပြီးမှ ပေးရမှာမဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူးတဲ့။ အရင်သွင်းရတာတဲ့။ အဲဒါနဲ့ သူလဲ ငွေသွားသွင်းပြီးရော မိနစ်ပိုင်းအတွင်း သူ့နာမည်ခေါ်တယ်တဲ့။ အာရောဂျံ ပရာမံလာဘံဆိုတဲ့ဆိုရိုး ကို ပိုက်ဆံမရှိရင် အသေခံဆိုတဲ့ ကာရန်နဲ့ ညှိရတဲ့ဘ၀တွေမှာ နေနေရသူတွေကို ရှေးဘ၀ကုသိုလ်ပေပဲပေါ့ လို့ သွားပြောမိရင် ဖြေသိမ့်စရာဖြစ်မလား။ ဒေါသထွက်လွန်းလို့ ပိတ်များအကန်ခံရနိုင်မလားလို့ တွေးကြည့်မိတယ်။

(စာရေးသူသည် အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှ လူမှုဖူလုံရေးဝန်ထမ်းတဦးဖြစ်သည်။ University of California တွင် သတင်းစာပညာကို လေ့လာခဲ့ပြီး University of San Francisco မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ဘာသာရေး၊ လူမျိုးရေး နှင့် နိုင်ငံရေး သုံးပွင့်ဆိုင်ဆက်နွယ်မှုကို အထူးစိတ်ဝင်စားပြီး အာရှတိုက်နှင့် အနောက်နိုင်ငံများ၏ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ဦးစားပေးမူဝါဒများ affirmative actions ကို စောင့်ကြည့်လေ့လာသူတဦးလည်း ဖြစ်သည်။ )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required