လူ ၈၅ ဦး လိုက်ပါသွားတဲ့ ဖိလစ်ပိုင်စစ်လေယာဉ်ပျက်ကျ

လူ ၈၅ ဦး လိုက်ပါသွားတဲ့ ဖိလစ်ပိုင်စစ်လေယာဉ်ပျက်ကျ

ဇူလိုင် ၄

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ လူ ၈၅ ဦးထက်မနည်း လိုက်ပါသွားတဲ့ စစ်လေယာဉ်တစ်စင်း ဇူလိုင် ၄ ရက်က ပျက်ကျသွားခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်အကြီးအကဲက ပြောပါတယ်။

အဆိုပါ စစ်လေယာဉ်ဟာ ပြေးလမ်းနဲ့ လွဲချော်ပြီး ပျက်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိတော့ C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ရဲ့ မီးလောင်နေတဲ့ အပျက်အစီးတွေကနေ လူ ၄၀ ဦးကို ကယ်ဆယ်ထားနိုင်ကြောင်းနဲ့ အဆိုပါ လေယာဉ်ဟာ ဆူလူပြည်နယ် ဂျိုလိုကျွန်းကို ဆင်းသက်ဖို့ ကြိုးပမ်းစဥ် ပျက်ကျခဲ့တာဖြစ်ကြောင်း စစ်တပ် ဗိုလ်ချုပ်ကြီး စီရီလီတို ဆိုဘီဂျာနာက အေအက်ဖ်ပီကို ပြောပါတယ်။

“အရေးပေါ် ကယ်ဆယ်ရေးသမားတွေ အဲဒီနေရာကို ခု ရောက်ရှိနေပါပြီ၊ လူ့အသက်တွေ ထပ်ပြီး ကယ်ဆယ်နိုင်ဖို့ ကျွန်တော်တို့ ဆုတောင်းနေရပါတယ်” လို့ ၎င်းက ပြောခဲ့ပါတယ်။

ကယ်ဆယ်ထားနိုင်တဲ့ လူ ၄၀ ကို အနီးအနားရှိ အမှတ် ၁၁ ခြေလျင်တပ်ခွဲ ဆေးရုံတစ်ခုဆီ ပို့ဆောင်ထားတယ်လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

လေယာဉ်ပေါ် လိုက်ပါသွားသူ အများအပြားကတော့ အခြေခံ စစ်သင်တန်းတစ်ခုကနေ မကြာ‌သေးခင်က ကျောင်းဆင်းထားကြသူတွေ ဖြစ်ပြီး ၎င်းတို့ကို မွတ်ဆလင်အများစု ရှိရာ ဒေသမှာ အကြမ်းဖက်မှု တိုက်ဖျက်နေတဲ့ ပူးပေါင်းအထူးတပ်ဖွဲ့ရဲ့ တစိတ်တဒေသအဖြစ် မငြိမ်မသက်ဖြစ်နေတဲ့ ကျွန်းဆီ ပို့ဆောင်စဉ် ခုလို ဖြစ်ရပ်နဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။

ဖိလစ်ပိုင် စစ်တပ်ဟာ နိုင်ငံတောင်ပိုင်းမှာ စစ်သည်တပ်ဖွဲ့၀င်တွေ အများအပြား ဖြန့်ကျက်ထားပြီး ယင်းနိုင်ငံတောင်ပိုင်းမှာ အဘူ ဆေယက်ဖ် အဖွဲ့အပါအ၀င် စစ်သွေးကြွအုပ်စုတွေ လှုပ်ရှားနေတာဖြစ်ပါတယ်။

ယခုဖြစ်စဉ်မတိုင်မီ ပြီးခဲ့တဲ့လကလည်း Black Hawk ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ခဲ့လို ရဟတ်ယာဥ်‌‌ပေါ်ပါသူ ခြောက်ဦးစလုံး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ထားခဲ့ပါသေးတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly