ပုသိမ်၊မြောင်းမြနဲ့ သာပေါင်းမြို့တွေကို Stay at Home သတ်မှတ်

ပုသိမ်၊မြောင်းမြနဲ့ သာပေါင်းမြို့တွေကို Stay at Home သတ်မှတ်

ဇူလိုင် ၄

စစ်ကောင်စီရဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပုသိမ် မြို့ ၊ မြောင်းမြမြို့နဲ့ သာပေါင်းမြို့တွေကို Stay at Home အဖြစ် ဒီကနေ့ ဇူလိုင်လ ၄ရက်နေ့မှာ သတ်မှတ်ကြေညာလိုက်တာပါ။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နဲ့ မြောင်းမြမြို့တွေမှာ ဇူလိုင်လ ၂ရက်နေ့နဲ့ ၃ရက်နေ့ နှစ်ရက်အတွင်း ကိုဗစ် - ၁၉ ရောဂါနဲ့ လူ ရှစ်ဦးအထိ သေဆုံးခဲ့ပြီးနောက် အခုလို ကြေညာခဲ့တာဖြစ်ပါတယ်။

Stay at Home သက်တမ်းကို ဘယ်နေ့အထိဆိုတာ သတ်မှတ်ခြင်းမရှိဘဲ ကြေညာချက်ထဲမှတေ့ာ ကူးစက်မှုမြင့်မားနေတဲ့ စာသင်ကျောင်းတွေနဲ့ စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာတွေကို ပိတ်ခြင်းမရှိဘဲ ဆက်လက်ဖွင့်လှစ်ထားစေပါတယ်။

“အဓိကကူးနေတာက စာသင်ကျောင်းနဲ့ ရဲ၊စည်ပင်ဝန်ထမ်းတွေကနေကူးနေတာ၊ Stay at Home လို့ ကြေညာပြီးတော့ စာသင်ကျောင်းတွေကို ဆက်ဖွင့်ဖို့ပြောထားတယ်ဆိုတော့ ဘာမှမထူးဘူး ကလေးတွေကို လူသားဒိုင်းလုပ်မယ်ဆိုတဲ့ စစ်တပ်ရဲ့ စိတ်ဓာတ်က ပေါ်လွင်နေတယ်”လို့ မြောင်းမြမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

စားသောက်ဆိုင်တွေကိုတော့ ဇူလိုင်လ ၅ရက်နေ့မှ စတင်ပြီး ဆိုင်ထိုင်စနစ်အစား ပါဆယ်စနစ်ကိုသာ ကျင့်သုံးဖို့အတွက် အကြောင်းကြားစာတွေ ထုတ်ထားတယ်လို့ သိရပါတယ်။

အဝေးပြေးခရီးသည်တင်မော်တော်ယာဉ်လိုင်းတွေကိုလည်း ဇူလိုင်လ ၅ရက်နေ့ကနေ စတင်ပြီးတော့ ရပ်နားဖို့ စစ်ကောင်စီက ခေါ်ယူဆွေးနွေးနေတယ်လို့ သိရပါတယ်။

“ပြည်သူ့အစိုးရလို ပညာမတတ်တော့ သူတို့ ကြေညာချင်သလို ကြေညာနေတာ Stay at Home သတ်မှတ်တယ်ဆိုတာ အရင်က ပညာတတ်အစိုးရတုန်းက နောက်ဆုံးအဆင့်လုပ်တာ ပထမဆုံး ကူးစက်မှုလျှော့ချဖို့ ဆိုင်တွေ စျေးတွေ ကျောင်းတွေ အရင်ပိတ် ခရီးသည်ကားတွေအရင်ဆုံးနားပြီးတော့မှ ကူးစက်နှုန်းမြင့်တက်မှ Stay at Home လုပ်တာ၊ ပညာမတတ်တဲ့ကောင်တွေ ပုလ္လင်တက်လုထားတော့ ကိုဗစ်ကို တားဆီးဖို့ ဘယ်လိုမှမလွယ်တော့ဘူး”လို့ CDMပြုလုပ်ဆဲ ဆရာဝန်တစ်ဦးကပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required