ဘရာဇီးမှာ လူပေါင်းထောင်နဲ့ချီ စုဝေးပြီး သမ္မတ ဘော်လ်ဆွန်နာရိုကို ဆန့်ကျင်ဆန္ဒပြ

ဘရာဇီးမှာ လူပေါင်းထောင်နဲ့ချီ စုဝေးပြီး သမ္မတ ဘော်လ်ဆွန်နာရိုကို ဆန့်ကျင်ဆန္ဒပြ
Photo - AFP

ဇူလိုင် ၄

ဘရာဇီးနိုင်ငံမှာ ဇူလိုင်လ ၃ ရက်က လူပေါင်းထောင်နဲ့ချီတို့ လမ်းတွေပေါ် စုဝေး‌ရောက်ရှိခဲ့ကြပြီး သမ္မတ ဂျဲရ် ဘော်လ်ဆွန်နာရိုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဘရာဇီးသမ္မတ ဘော်လ်ဆွန်နာရိုဟာ ဆိုရင် လက်ရှိအချိန်မှာ ကိုဗစ်ကာကွယ်ဆေး ၀ယ်ယူမှုသဘောတူညီချက်တစ်ခုမှာ အကျင့်ပျက်ခြစားမှု ရှိခဲ့သလား ဆိုတာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။

ဆန္ဒပြသူတွေဟာ ဘရာဇီးအစိုးရအ‌ပေါ် တတိယမြောက်နေ့အဖြစ် ဆန့်ကျင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဘရာဇီးအစိုးရဟာ နိုင်ငံမှာ လူပေါင်း ၅၀၀,၀၀၀ ကျော် သေဆုံးစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ပါလီမန်စုံစမ်းစစ်ဆေးမှုတစ်ခုနဲ့အတူ ဖိအားတွေ တိုးမြင့် ရင်ဆိုင်နေရပါတယ်။

ယမန်နေ့ ရီယို ဒီဂျနေးရိုး ဆန္ဒပြပွဲမှာ ပါ၀င်ခဲ့တဲ့ အသက် ၄၇ နှစ်ရှိ ဆရာ၀န်တစ်ဦးဖြစ်တဲ့ လီမာ မန်ဒက်စ်ကတော့ နိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းမြင့်မားမှုအတွက် အစိုးရအပေါ် ပြစ်တင်ပြောကြားခဲ့ပါတယ်။

“ဒီအစိုးရဟာ အတုအယောင် ဆုံးဖြတ်ချက်တွေ၊ သတင်းမှားတွေ၊ အလိမ်အညာတွေကနေတဆင့် လူ ငါးသိန်းကျော်ကို အသက်သေဆုံးစေခဲ့ပါတယ်၊ ခုလည်း ကာကွယ်ဆေးတွေနဲ့ပတ်သက်လို့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံက ထွက်နေပြန်ပါပြီ” လို့ သူမက အေအက်ဖ်ပီကို ပြောပါတယ်။

ဆော်ပေါ်လို၊ ဘီလမ်၊ ရီဆိုက်ဖ် နဲ့ မကိုင်အို တို့လို မြို့ကြီးတွေမှာ စုဝေးဆန္ဒပြပွဲတွေ ရှိခဲ့ပြီး ဆန္ဒပြသူတွေဟာ “လူမျိုးတုန်း သတ်မှုနဲ့ပတ်သက်နေတဲ့ ဘော်လ်ဆွန်နာရို” ၊ “စွပ်စွဲပြစ်တင်မှုတွေ ရှိနေပြီ” ၊ “ကာကွယ်ဆေးတွေ အလိုရှိတယ်” ဆိုတဲ့ စာသားတွေပါ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

ကြားနာစစ်ဆေးမှုရဲ့ ပထမဆုံးနှစ်လအတွင်းမှာတော့ ပါလီမန် စုံစမ်းစစ်ဆေး‌ရေးအဖွဲ့တစ်ခုဟာ နိုင်ငံမှာ ကာကွယ်ဆေးအထောက်အပံ့တွေ မှာယူမှုနဲ့ပတ်သက်လို့ အစိုးရရဲ့ နှောင့်နှေးမှုတွေ၊ ဟိုက်ဒရိုဇီကလိုရိုကွင်းလိုမျိုး ထိရောက်မှုမရှိတဲ့‌ ဆေးတွေကို အစိုးရဘက်က ထောက်ခံခဲ့တာတွေ၊ နှာခေါင်းစည်းတပ်တာနဲ့ ခပ်ခွာခွာနေမှု အစီအမံတွေကို သေးသိမ်အောင် ဘော်လ်ဆွန်နာရိုဘက်က လုပ်ခဲ့တာတွေအပေါ် အာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဘရာဇီး ကျန်းမာရေး၀န်ကြီးဌာန အရာရှိကြီးတစ်ဦးဖြစ်တဲ့ လူး၀စ် ရီကာဒို မီရန်ဒါက ၎င်းအနေနဲ့ အိန္ဒိယထုတ် Covaxin ကာကွယ်ဆေး သုံးသန်းကို အခြား ကာကွယ်‌ဆေးတွေထက် အတော့်ကို ပိုမိုများပြားတဲ့ စျေးနှုန်းတွေနဲ့ ၀ယ်ယူရေးကို အတည်ပြုဖို့ ဖိအားတွေ ပေးခံခဲ့ရကြောင်း ထုတ်ဖော်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုဟာ ဦးတည်ရာ ချက်ချင်းပြောင်းလဲခဲ့ပါတယ်။

မီရန်ဒါက ၎င်းအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ သံသယတွေကို သမ္မတထံ လူချင်းတွေ့ ပြောဆိုခဲ့ကြောင်း၊ သမ္မတအနေနဲ့ ဖက်ဒရယ် ရဲတပ်ဖွဲ့ထံ ပြောကြားလိမ့်မယ်လို့ ၎င်းအနေနဲ့ ထင်ခဲ့ကြောင်း၊ ဒါပေမယ့် တကယ်တမ်းမှာ သမ္မတဟာ ယင်းအတိုင်း လုပ်ခဲ့ပုံမရကြောင်း ပြောခဲ့ပါတယ်။

ဒါကြောင့်မို့ သမ္မတ ဘော်လ်ဆွန်နာရိုဟာ မသမာမှုတစ်ခုကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်ရင်း ပြစ်မှုတစ်ခု ကျူးလွန်ထားခဲ့သလား ဆိုတာကို စုံစမ်းစစ်ဆေးဖို့လုပ်‌ဆောင်နေပြီလို့ ဖက်ဒရယ် အစိုးရရှေ့နေတွေက ကြေညာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ၂၀၁၉ ခုနှစ်က အာဏာရလာခဲ့တဲ့ သမ္မတ ဘော်လ်ဆွန်နာရိုက ၎င်းရဲ့အစိုးရအဖွဲ့အပေါ် စွဲဆိုတဲ့ အကျင့်ပျက်ခြစားမှု စွဲချက်တွေ အားလုံးကို ပယ်ချခဲ့ပြီး ခုလို ပါလီမန်စုံစမ်းစစ်ဆေးမှုဟာ ၎င်းကို ရာထူးကနေ ဖယ်ဖို့ ကြိုးပမ်းတဲ့ နိုင်ငံရေး “လုပ်ဆောင်ချက်” တစ်ခုသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly