စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင် မွေးနေ့အဖြစ် ခေါင်းတလားများနှင့် ၎င်း၏ ဓာတ်ပုံများကို မီးရှို့ ဆန္ဒပြ 

စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင် မွေးနေ့အဖြစ် ခေါင်းတလားများနှင့် ၎င်း၏ ဓာတ်ပုံများကို မီးရှို့ ဆန္ဒပြ 
Photo - CJ

ဇူလိုင် ၃

အရှေ့တောင်အာရှ မြန်မာနိုင်ငံအား ဝရုန်းသုန်းကားအခြေအနေအတွင်း ဆွဲချလိုက်သည့် ပြီးခဲ့သည့် ငါးလကျော်အကြာက စစ်အာဏာသိမ်းမှုကို ဆန္ဒပြသခြင်းအဖြစ်  စနေနေ့တွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အတွက် ခေါင်းတလားတုများနှင့် ၎င်း၏ ဓာတ်ပုံများကို ဆန္ဒပြသူများက မီးရှို့ကြသည်။ 

မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်၌ “အေးအေးဆေးဆေး မသေပါစေနဲ့”၊ “မွေးနေ့နဲ့ သေနေ့ တစ်ထပ်တည်း ကျပါစေ” စသော စာများ ရေးကပ်ထားသည့် အသုဘပန်းခွေများ ချကြသည်။ နိုင်ငံတွင်း နေရာအများအပြားတွင်လည်း အလားတူ ဆန္ဒပြကြသည်။ 

မန္တလေးတွင်လည်း ဆန္ဒပြကြရာ၌ အသက် ၆၅ နှစ် ဗိုလ်ချုပ်မှူးကြီး၏ ဓာတ်ပုံများကို စုပုံကာ မီးရှို့ကြပြီး “ကျိန်စာတိုက်တဲ့အနေနဲ့ မီးရှို့ကြတာပဲ”ဟု ဆန္ဒပြသူတစ်ဦးက ဆိုသည်။ 

ထင်မြင်ချက်ပေးရန် တောင်းခံသည်ကို စစ်တပ်အာဏာပိုင်များ၏ ပြောခွင့်ရသူတစ်ဦးက တုံ့ပြန်ခြင်း မရှိပေ။ 

ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည် ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အား ဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းခဲ့ရာ ပြီးခဲ့သည့် စစ်အုပ်စုအောက် အထီးကျန်နိုင်ငံအဖြစ်မှ ရုန်းထလာသည့် ဆယ်နှစ်တာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ အဆုံးသတ်သွားခဲ့သည်။ 

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အသက် ၆၅ နှစ် မွေးနေ့အပြီး အငြိမ်းစားယူရမည်ဖြစ်သော်လည်း အာဏာသိမ်းအပြီးတွင်  မဖြစ်မနေ အငြိမ်းစားယူရမည့် အသက်ကို ပယ်ဖျက်ပစ်ခဲ့သည်။ 

အာဏာရယူခြင်းသည် ဖွဲ့စည်းပုံနှင့် အညီပဲဖြစ်သည်ဟု စစ်တပ်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနိုင်ရသော နိုဝင်ဘာရွေးကောက်ပွဲများ၌ မဲမသမာမှုများ ရှိသည်ဟု စစ်တပ်က စွပ်စွဲခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်ဟောင်းက စွပ်စွဲချက်များကို ငြင်းဆန်သည်။ 

စစ်အာဏာသိမ်းအုပ်စုအနေဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေးအာဏာများ သက်ရောက်ရန် ရုန်းကန်နေရလျက် ရှိနေဆဲဖြစ်သည်။ 

နိုင်ငံ၏ နေရာအများအပြားတွင်လည်း နေ့စဉ်နှင့်အမျှဆိုသလို ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်နေပြီး သပိတ်မှောက်မှုများက အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများကို ထိခိုက်စေလျက်ရှိပြီး နယ်စပ်ဒေသများ၌လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။ နေအိမ်စွန့်ကာ ရွှေ့ပြောင်းရသူများလည်း ၂၀၀၀၀၀ နီးပါး ရှိနေသည်။ 

ကုလသမဂ္ဂ၏ ယခုသီတင်းပတ် ထုတ်ပြန်သော စာရင်းဇယားအရ အာဏာသိမ်းပြီးမှနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခံရသည့် ပြည်သူ ၈၈၀ ကျော်ရှိပြီး ၅၂၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly