ဂိုးသမားပြည့်လျှံအောင်ကို ၆ လ ဆက်နေထိုင်ခွင့် ဂျပန် ခွင့်ပြု

ဂိုးသမားပြည့်လျှံအောင်ကို ၆ လ ဆက်နေထိုင်ခွင့် ဂျပန် ခွင့်ပြု

ဇူလိုင် ၂

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဂျပန်သို့ ‌ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်လက အသင်းဖော်များနှင့်အတူ မြန်မာနိုင်ငံသို့ ပြန်မလိုက်ဘဲ ဂျပန်တွင် ကျန်နေခဲ့သည့် မြန်မာ့လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်ကို ခြောက်လသက်တမ်းဗီဇာတစ်ခုကို ဂျပန်အစိုးရက ဇူလိုင် ၂ ရက်တွင် ခွင့်ပြုပေးခဲ့သည်ဟု ၎င်း၏ ရှေ့နေက ပြောသည်။

မြန်မာ့လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်သည် ကမ္ဘာ့ဖလားခြေစစ်ပွဲစဥ်တစ်ပွဲအတွင်း မြန်မာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သင်္ကေတအဖြစ် လက်သုံးချောင်းထောင်ပြခဲ့ပြီးနောက် ၎င်းရဲ့ ဘေးအန္တရာယ်အတွက် ပူပန်ကြောင်း ထုတ်ဖော်ပြီး ဇွန်လ ၂၂ ရက်တွင် ဂျပန်တွင် ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့သလို ၎င်း၏ ဗီဇာလျှောက်ထားမှုအခြေအနေကို ပြောင်းလဲရန်ပန်ကြားပြီး ယင်းနိုင်ငံတွင် ခိုလှုံခွင့်ရရန် ကြိုးပမ်းထားခဲ့သူဖြစ်သည်။

ဂျပန်ရောက် မြန်မာများကို နေရပ်ပြန်ပို့ခြင်းမှ တားဆီးရန် အစိုးရ၏ အရေးပေါ်အစီအမံတစ်ရပ်အပေါ် အခြေပြုပြီး အသက် ၂၇ နှစ်အရွယ် ဂိုးသမား ပြည့်လျှံအောင်ကို ဂျပန်နိုင်ငံတွင် ခြောက်လ ဆက်နေပြီး အလုပ်လုပ်ခွင့်ပြုသည့် ဗီဇာတစ်ခုကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

၎င်းသည် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကြောင်း ဖော်ထုတ်ထားသည့်အတွက် အကယ်၍ ၎င်း မိခင်နိုင်ငံသို့ ပြန်သွားပါက အာဏာသိမ်းစစ်တပ်၏ နှိပ်ကွပ်မှုနှင့် ရင်ဆိုင်ရနိုင်ခြေ များသည့်အတွက် ၎င်း၏ လျှောက်ထားမှုကို မဆိုင်းမတွ ‌ဆောင်ရွက်ပေးမည်ဟုလည်း ဂျပန်လူ၀င်မှုကြီးကြပ်‌ရေးအာဏာပိုင်များက ပြောထားသည်။

ပြီးခဲ့သည့် မေလကုန်က ချီဘာမြို့တွင် ဂျပန်အသင်းနှင့် မြန်မာအသင်းအကြား ပွဲစဥ်အတွင်း ဂိုးသမား ပြည့်လျှံအောင်သည် မြန်မာနိုင်ငံတော်သီချင်း ဖွင့်ထားစဥ် “WE NEED JUSTICE” ဟု အင်္ဂလိပ်လို ရေးထားပြီး ၎င်း၏ ညာဘက်လက်သုံးချောင်းကို ထောင်ပြခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required