နေအိမ်များ ပျက်စီးဆုံးရှုံးသွားတာတွေအတွက် ထောက်ပံ့ကြေးပြန်ပေးမယ်လို့ ပြောဆိုပြီး နေရပ်ပြန်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါ်ပေမယ့် ဒေသခံတွေက အခုထိ နေရပ်ပြန်ခြင်းမရှိ

နေအိမ်များ ပျက်စီးဆုံးရှုံးသွားတာတွေအတွက် ထောက်ပံ့ကြေးပြန်ပေးမယ်လို့ ပြောဆိုပြီး နေရပ်ပြန်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါ်ပေမယ့် ဒေသခံတွေက အခုထိ နေရပ်ပြန်ခြင်းမရှိ

ဇူလိုင်၊ ၂ ရက်၊ ရန်ကုန်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ကနေ ထွက်ပြေးပြီး စစ်ရှောင်နေကြသူတွေကို နေရပ်ပြန်လာနေဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါ်ပေမယ့် ဒေသခံတွေကတော့ အခုအချိန်ထိ နေရပ်ကို မပြန်ရဲကြဘူးလို့ သိရပါတယ်။

“စစ်သားတွေက ဇွန်လ ၁၅ ရက်နေ့ကတည်းက ဒီးမော့ဆိုမှာ ပြန်လာနေလို့ရပြီလို့ လိုက်ပြောတာတွေ၊ တောင်ပေါ်မှာ သူတို့နဲ့ တွေ့တဲ့အခါကြရင် ရွာမှာ ပြန်လာနေဖို့ ခေါ်တာတွေ ရှိပေမယ့် ဒေသခံတွေကတော့ သူတို့ကို မယုံတာကြောင့် ဘယ်သူမှ မပြန်ရဲကြဘူး။ အခုထိ အိမ်ပြန်နေကြတဲ့သူက ၂ ယောက်လား၊ ၃ ယောက်လားပဲ ရှိတယ်”လို့ ဒီးမော့ဆိုမြို့က ဒေသခံတဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့က ဒေသခံတွေဟာ မေလမှာကတည်းက ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့၊ အာဏာသိမ်းမှုကို လက်မခံနိုင်တာကြောင့် တော်လှန်နေကြတဲ့ လူငယ်တွေအကြားက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အချို့သော ဒီးမော့ဆိုဒေသခံတွေကတော့ ၎င်းတို့ရဲ့ ဆွေမျိုးတွေရှိတဲ့ မြို့တွေမှာ ပြောင်းရွှေ့နေထိုင်ကြပေမယ့်၊ အများစုသော ဒေသခံတွေကတော့ ၎င်းတို့ရဲ့ ရွာအနီးပတ်ဝန်းကျင်မှာပဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“အိမ်တွေ မီးရှို့ဖျက်စီးခံလိုက်ရတဲ့သူတွေ၊ ဘာဆိုဘာမှမကျန်တော့တဲ့သူတွေနဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေကတော့ ရွာဘေးမှာနေကြတယ်၊ တချို့က တောင်ခြေမှာ တိမ်းရှောင်နေကြတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ယခင်က ဒီးမော့ဆိုမြို့က ဒေသခံတွေက တောင်ပေါ်နေရာတွေမှာ စစ်ရှောင်နေခဲ့ကြပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၎င်းတို့ရှိရာ တောင်ပေါ်တွေကို ရောက်ရှိလာတာကြောင့် တောင်ခြေမှာ ပြောင်းရွှေ့နေနေကြတယ်တယ်လို့ သိရပါတယ်။

“အိမ်ပြန်ပြီး စောင်တွေ၊ ခြင်ထောင်တွေ ပြန်ယူတဲ့သူတွေကိုတောင် ပစ်သတ်ခဲ့တာဆိုတော့ သူတို့နဲ့ တောင်ပေါ်မှာ ထိပ်တိုက်တွေ့တဲ့အခါကြတော့ အရမ်းကြောက်တယ်။ အဲဒါကြောင့် အခုဆို တောင်အောက်မှာပဲ ဆင်းနေနေကြတာ။ ဘယ်နေရာမှာနေနေ ကိုယ့်အိမ်မဟုတ်တာကြောင့် အဆင်တော့မပြောဘူးပေါ့”လို့ စစ်ရှောင်နေသူတဦးက ပြောပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် အလှူရှင်တွေက ထောက်ပံ့ပစ္စည်း ပို့ဆောင်ပေးတာတွေ ရှိပေမယ့် စစ်ရှောင်အရေအတွက်နဲ့ ထောက်ပံ့ပစ္စည်းအရေအတွက် မမျှတာကြောင့် လုံလောက်မှု မရှိဘူးလို့ သိရပါတယ်။

“ထောက်ပံ့တဲ့ပစ္စည်းတွေက လုံလောက်မှုမရှိတော့ အခက်တော့ တွေ့ရတယ်။ လိုအပ်တဲ့ပ္စည်းတွေ ဝယ်ဖို့ ငွေကြေးလဲ မရှိ၊ ဘာမှလဲ မရှိတော့ ဒေသခံတွေက အရမ်းဒုက္ခရောက်နေကြတာ” လို့ ဒီးမော့ဆိုမြို့က စစ်ရှောင်နေရသူတဦးက ပြောပြပါတယ်။

မေလကုန်ပိုင်းလောက်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆိုမြို့က ဒေသခံတွေရဲ့ နေအိမ်အများစုက လက်နက်ကြီး ထိမှန်ခဲ့တဲ့အတွက် ပျက်စီးဆုံးရှုံးခဲ့ရသလို၊ တချို့နေအိမ်တွေကလည်း မီးလောင်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ပျက်စီးဆုံးရှုံးသွားခဲ့တဲ့ နေအိမ်တွေနဲ့ ပစ္စည်းတွေအတွက် စစ်ကောင်စီက ဒေသခံတွေကို ထောက်ပံ့ကြေး ပြန်လည်ပေးမယ်လို့ ပြောကြားထားတယ်လို့ သိရပါတယ်။

“စစ်ကောင်စီဘက်ကတော့ အမတို့လို နေအိမ်ဆုံးရှုံးသွားတဲ့သူတွေကို ထောက်ပံ့ကြေး ပြန်ပေးမယ်လို့တော့ ပြောတာပဲ။ သူတို့က ပြန်ပေးမှာက ၃သိန်း၊ ၄ သိန်းလောက်ပဲ ပြန်ပေးမှာ။ ကိုယ်တွေ ဆုံးရှုံးသွားတာက အိမ်တွေရော၊ ရင်းနှီးထားတဲ့ ငွေကြေးပစ္စည်းတွေရော အများကြီးပဲ”လို့ နေအိမ်မီးလောင်ဆုံးရှုံးသွားတဲ့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ဒီးမော့ဆိုမြို့က နေအိမ်ဆုံးရှုံးသွားသူတွေကို ထောက်ပံ့ကြေး ပြန်ပေးမယ်လို့ ပြောထားပြီး နေရပ်ပြန်ဖို့ ခေါ်ယူခဲ့ပေမယ့် ဒေသခံတွေကတော့ နေရပ်ပြန်ခြင်းမျိုးလဲ မရှိသေးသလို၊ ယခုအထိလဲ စစ်ကောင်စီဘက်က ပေးတဲ့ ထောက်ပံ့ကြေးမျိုးလဲ မရရှိသေးဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly