ကွာရန်တင်းကင်းလွတ်ခွင့်ရ နိုင်ငံတကာဧည့်သည်တွေ ဖူးခက်ကမ်းခြေဆီ ပထမဆုံး ရောက်ရှိ 

ကွာရန်တင်းကင်းလွတ်ခွင့်ရ နိုင်ငံတကာဧည့်သည်တွေ ဖူးခက်ကမ်းခြေဆီ ပထမဆုံး ရောက်ရှိ 
Photo - AFP

ဇူလိုင် ၂

ကွာရန်တင်း ကင်းလွတ်ခွင့်ရ အစီအစဉ်အောက်မှာ ပထမဆုံး နိုင်ငံတကာခရီးသွားဧည့်သည်တွေဟာ ထိုင်းနိုင်ငံက အားလပ်ရက်အပန်းဖြေ ဖူးခက်ကမ်းခြေဆီ ကြာသပတေးနေ့က စတင်ရောက်ရှိလာကြပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ အဆိုးဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကို ကြံ့ကြံ့ခံရင်ဆိုင်နေချိန် ယိုင်နဲ့စပြုလာတဲ့ ခရီးသွားလုပ်ငန်းကို ကျားကန်မြှင့်တင်နိုင်ရေး ကြိုးပမ်းနေရတာကြောင့်ပဲ ဖြစ်ပါတယ်။ 

ခရီးသွားလုပ်ငန်းဟာ ထိုင်းစီးပွားရေးရဲ့ ငါးပုံတစ်ပုံနီးပါးကို ဖန်တီးဖော်ဆောင်ပေးနေတာ ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ၁၉၉၇ အာရှစီးပွားပျက်ကပ်နောက်ပိုင်း အဆိုးဆုံး အခြေအနေဆီ ဦးတည်လို့နေတာလည်း ဖြစ်ပါတယ်။ 

ကာကွယ်ဆေး ထိုးနှံပြီးသား ခရီးသွားတွေကို ကွာရန်တင်းဝင်စရာမလိုဘဲ ဖူးခက်ဆီ လည်ပတ်နိုင်တဲ့ Phuket sandbox အစီအစဉ်အပေါ် ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံအနေနဲ့ အထူးမျှော်လင့်ချက် ထားထားပါတယ်။ 

ဗိုင်းရပ်စ် စဖြစ်ကတည်းက ခြောက်ကပ်သွားခဲ့တဲ့ ဖူးခက်က သဲသောင်ကမ်းခြေတွေဆီ ကြာသပတေးနေ့မှာ အစ္စရေး၊ ယူအေအီး၊ ကာတာနဲ့ စင်ကာပူက လေယာဉ်တွေနဲ့ ခရီးသည် ၂၄၉ ဦး ရောက်ရှိလာဖို့ ရှိပါတယ်။ 

ပထမဆုံး ခရီးသည် ၂၅ ဦးကတော့ Etihad Airways လေကြောင်းလိုင်း လေယာဉ်နဲ့ နေ့လယ်မတိုင်ခင် ဖူးခက်ကို ရောက်ရှိလာခဲ့ပြီး စက္ကရင်ဖတ်စစ်ဆေးစမ်းသပ်မှုတွေ ခံယူကြပါတယ်။ 

သူတို့ထဲက ယူအေအီးကနေ လာရောက်တဲ့ အသက် ၃၇ နှစ်အရွယ် အိုမာက ဖူးခက်ကျွန်းဆီ အရင်က ၁၅ ခေါက် ရောက်ခဲ့ဖူးပြီး အခု ရှစ်ရက်ကြာ အပန်းဖြေဖို့ လာရောက်တာလို့ ဆိုပါတယ်။ 

“ခရီးမသွားရဘဲ နှစ်နှစ်ကျော်လောက် ကြာပြီးတဲ့နောက် ကျွန်တော် စိတ်အပြောင်းအလဲဖြစ်ဖို့ ဖူးခက်ကို ရွေးချယ်တာပဲ ဖြစ်တယ်”လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ 

အခြား ဗြိတိန်ဧည့်သည်တစ်ဦးကလည်း ဖူးခက်မှာ တစ်လလောက် နေမှာဖြစ်ပြီး မိသားစုနဲ့ ပြန်တွေ့မယ်လို့ ပြောပါတယ်။ 

“ကျွန်တော့် ကလေးတွေက ဒီမှာ ရှိတာလေ၊ ဒါကြောင့် ကျွန်တော့် ကလေးတွေကို ကျွန်တော် သွားတွေ့ရမယ်”လို့ သူက ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ အဆိုးဆုံး ကိုဗစ်-၁၉ လှိုင်းဒဏ် ခံနေရပြီး စိုးရိမ်ပူပန်ဖွယ်ဖြစ်တဲ့ ကိုရိုနာမျိုးကွဲ Alpha နဲ့ Delta ဗိုင်းရပ်စ်ဗီဇကွဲတွေကို တွေ့ရှိထားချိန်မှာ ကွာရန်တင်း ကင်းမဲ့ ခရီးသွားဧည့် အစီအစဉ်ကို ဆောင်ရွက်လာတာပဲ ဖြစ်ပါတယ်။ 

လက်ရှိ တစ်နိုင်ငံလုံးအနှံ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၂၆၄၈၃၄ ဦး ရှိနေပါတယ်။ 

ဒါပေမဲ့ ဖူးခက်ဒေသခံ ၇၀ ရာခိုင်နှုန်းကို အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးတာနဲ့အတူ ကွာရန်တင်းကင်းလွတ် ခရီးသွားဧည့် အစီအစဉ်အတွက် ပြင်ဆင်ရာမှာ အများအပြား ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်ကို ထိုင်းအာဏာပိုင်တွေက ဆောင်ရွက်နေတာကြောင့် ဖူးခက်ဟာ ကိုဗစ်လှိုင်းဒဏ်ကနေ မထိမရှ ရှိနေဆဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly