စစ်အုပ်စုကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်

စစ်အုပ်စုကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်

ဇူလိုင် ၂

မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ကြောင်း ဆွစ်ဇာလန်က ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်တပ်ဘက်က ဖိနှိပ်မှုများ ဆက်လုပ်နေသည့်အပေါ် တုံ့ပြန်သောအားဖြင့် ဆွစ်ဇာလန်က အရေးယူပိတ်ဆို့မှုသစ်များ ချမှတ်ခြင်းဖြစ်သည်။

ဆွစ်ဇာလန်၏ ယခု ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု စာရင်းတွင် စစ်အုပ်စုခန့် ရှေ့နေချုပ်၊ ၀န်ကြီးလေးဦးနှင့် ဒု၀န်ကြီး သုံးဦးတို့ ပါ၀င်နေသည်။

ယခု အရေးယူဒဏ်ခတ်ခံရသူများသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် လုပ်ဆောင်ချက်များနှင့် မူ၀ါဒများတွင် ပါ၀င်ပတ်သက်၊ ထောက်ခံပံ့ပိုးထားသူများဖြစ်သလို နိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်မှုအပေါ် ခြိမ်းခြောက်သည့် လုပ်ရပ်များတွင် ပါ၀င်ပတ်သက်ထားသူများဖြစ်ကြောင်း ဆွစ်ဇာလန်၏ နိုင်ငံစီးပွားရေးရာ ဌာနက ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်သည်။

ယခု အရေးယူဒဏ်ခတ်ခံရသူများသည် ဆွစ်ဇာလန်သို့ ခရီးသွားလာခြင်းအပေါ် ပိတ်ပင်ခံရမည်ဖြစ်သလို ယင်းနိုင်ငံတွင် အဆိုပါ ဒဏ်ခတ်ခံပုဂ္ဂိုလ်များ ရှိကောင်းရှိနေနိုင်သည့် ပိုင်ဆိုင်မှုမှန်သမျှ ပိတ်ပင်ခံရမည်ဖြစ်သည်။

ကျောက်မျက်နှင့် သစ် လုပ်ငန်းကဏ္ဍများတွင် ပါ၀င်လုပ်ကိုင်နေသည့် လုပ်ငန်းလေးခုသည်လည်း ဒဏ်ခတ်ခံရသည့်စာရင်းတွင် ပါ၀င်နေခဲ့သည်။ ယခု ဆွစ်ဇာလန်၏ အရေးယူပိတ်ဆို့မှုများသည် ပြီးခဲ့သည့်အပတ်က ဥရောပသမဂ္ဂက ချမှတ်သည့် ပိတ်ဆို့မှုများနှင့်လည်း ရှေ့နောက်ညီနေခဲ့သည်။

ဆွစ်ဇာလန်သည် ပြီးခဲ့သည့် ဧပြီလကလည်း မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် စစ်တပ်၏ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ကိုးဦး၊ စစ်အုပ်စုခန့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly