ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေလို့ အင်ဒိုနီးရှားမှာ အရေးပေါ်ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်မယ်

ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေလို့ အင်ဒိုနီးရှားမှာ အရေးပေါ်ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်မယ်
Photo - AFP

ဇူလိုင် ၁

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုပိုင်း စိုးရိမ်ဖွယ်ရာ တစ်ဟုန်ထိုး မြင့်တက်နေမှုကို တိုက်ဖျက်ဖို့အတွက် ဂျာဗားနဲ့ ဘာလီကျွန်းတို့မှာ အရေးပေါ် ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်မယ့်အကြောင်း သမ္မတ ဂျိုကို၀ီဒိုဒိုက ကြေညာခဲ့ပါတယ်။

အဆိုပါ အရှေ့တောင်အာရှ ကျွန်းနိုင်ငံရဲ့ အာဏာပိုင်တွေဟာ ဖိစီးခံနေရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲသွားမှာကို ရှောင်ရှားနိုင်ဖို့အတွက် အပြင်းအထန် ကြိုးပမ်းနေရပါတယ်။

မြို့တော် ဂျကာတာ အပြင် ဗိုင်းရပ်စ် ကူးစက်မှုဒဏ် ဆိုးဆိုး၀ါး၀ါး ခံထားရတဲ့ ဂျာဗားကျွန်းနဲ့ အားလပ်ရက် အပန်းဖြေကျွန်း ဘာလီတို့မှာ ဗိုင်းရပ်စ်ဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်အစီအမံသစ်တွေကို သီတင်းပတ်နှစ်ပတ်ကျော်ကြာ ချမှတ်သွားမယ်လို့ သမ္မတ ဂျိုကို၀ီက ပြောပါတယ်။

ယင်းနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေဟာ တစ်နေ့လျင် ကူးစက်ခံရသူ ၂၁,၀၀၀ အထိ စံချိန်တင်လယ်ဗယ်တွေအထိ မြင့်တက်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလက ရာမဒန် ဥပုသ်လ ကုန်ဆုံးချိန် လူသန်းနဲ့ချီ ခရီးသွားလာမှုတွေ ရှိခဲ့ပြီးနောက် အင်ဒိုနီးရှားရဲ့ တရား၀င် ဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ ထိုးတက်ထားခဲ့ပါတယ်။

ဒါ့အပြင် ကူးစက်မှုနှုန်း မြန်ဆန်တဲ့ ဗိုင်းရပ်စ် မျိုးစိတ်သစ်တွေဟာလည်း ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေ အများဆုံး နိုင်ငံတ၀န်း ဂယက်ရိုက်ခတ်ထားခဲ့တယ်လို့လည်း အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။

နေ့အလိုက် ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်မှုနဲ့အတူ မြို့တော် ဂျကာတာနဲ့ ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ အခြားနေရာတွေမှာလည်း ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ယင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းဟာ ၂ ဒသမ ၁ သန်းကျော် ရှိနေပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၇,၁၃၈ ဦး ရှိနေတယ်လို့ သိရပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly