ပြစ်မှုကျူးလွန်တဲ့ ကလေးတွေကို သေဒဏ်ပေးခြင်းက လူ့အခွင့်အရေးချိုးဖောက်ရာ မရောက်လို့ အီရန် ပြော 

ပြစ်မှုကျူးလွန်တဲ့ ကလေးတွေကို သေဒဏ်ပေးခြင်းက လူ့အခွင့်အရေးချိုးဖောက်ရာ မရောက်လို့ အီရန် ပြော 
Photo - AFP

ဇူလိုင် ၁

ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ ကလေးတွေကို အီရန်က သေဒဏ်အပြစ်ပေးတာဟာ လူ့အခွင့်အရေး ချိုးဖောက်ရာ မရောက်ဖူးလို့ ကုလသမဂ္ဂရဲ့ ဝေဖန်မှုကို တုံ့ပြန်ပြီး အီရန်အကြီးတန်းတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို အတိအလင်း ပြောပါတယ်။ 

အီရန်အစ္စလာမ္မစ်နိုင်ငံဟာ အရွယ်မရောက်သေးခင်က ပြစ်မှုကျူးလွန်ခဲ့သူတွေကို သေဒဏ်ပေးစီရင်တာ တစ်နှစ်မှာ ‘သုံးကြိမ်မှ လေးကြိမ်’ ရှိတယ်လို့ နိုင်ငံပိုင် လူ့အခွင့်အရေး အထူးကောင်စီရဲ့ အကြီးအကဲ မာဂျစ်တက်ဖရက်ဟီက ခုခံပြောဆိုတာ ဖြစ်ပါတယ်။ 

ခုလို သေဆုံးချမှတ်တာဟာ ‘လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ သင်္ကေတမဟုတ်ဘူး’လို့ အေအက်ဖ်ပီနဲ့ အင်တာဗျူးရာမှာ သူက ပြောလာတာဖြစ်ပြီး ဒီ လုပ်ဆောင်ချက်အပေါ် ဝေဖန်နေကြတာက ‘တရားမျှတမှု မရှိ’လို့ ဆိုပါတယ်။ 

“ကျွန်တော်တို့ အသက် ၁၈ နှစ်အောက်တွေအကြောင်း ပြောတာဟာ လေးငါးခြောက်နှစ်တွေအကြောင်း ပြောတာမှ မဟုတ်ဘဲ၊ တရားရုံးက အရွယ်ရောက်ပြီးသူတွေလို့ ယူဆတဲ့ အသက် ၁၇ နှစ်လောက် အသက်ကြီးနေပြီဖြစ်တဲ့ ယောက်ကျားလေးတွေကိုပဲ ကျွန်တော်တို့ အဓိက ပြောနေတာဖြစ်တယ်”လို့ မာဂျစ်တက်ဖရက်ဟီက ပြောပါတယ်။ 

ကလေးပြစ်မှုကျူးလွန်သူတွေကို သေဒဏ်စီရင်တာအတွက် အီရန်ကို ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအုပ်စုတွေက မကြာခဏ ဝေဖန်နေတာ ဖြစ်ပြီး ခုလို လုပ်ဆောင်ချက်ဟာ အီရန် လက်မှတ်ထိုးပါဝင်ထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။ 

အီရန်နိုင်ငံရဲ့ သေဒဏ်ကို တွင်တွင်ကျယ်ကျယ် ချမှတ်နေတာကို ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး မီချဲလ်ဘက်ချက်လက်က ထောက်ပြရင်း ကလေးပြစ်မှုကျူးလွန်သူ ၈၀ ကျော်ဟာ သေဒဏ်ပေးခံရပြီး လက်ရှိမှာ သေဒဏ်ပေးခံရမယ့် ဘေးအန္တရာယ်မှာ ရှိနေသူ အနည်းဆုံး လေးဦး ရှိတယ်လို့ ပြောဆိုပါတယ်။ 

မာဂျစ်တက်ဖရက်ဟီကတော့ သူ့ ကောင်စီရဲ့ ကျယ်ပြန့်တဲ့ ရည်မှန်းချက်ဟာ သေဒဏ်ပေးစီရင်တာတွေကို ဖြစ်နိုင်သမျှ အနည်းဆုံးဖြစ်အောင်ပဲ ဖြစ်ပြီး ဒီလို လုပ်ဆောင်တာလည်း လက်ခုပ်တီး ဩဘာပေးခံချင်ရုံအတွက် မဟုတ်ဘူးလို့ ပြောပါတယ်။ 

အီရန်ဟာ အရွယ်မရောက်သေးချိန်က လူသတ်မှု ကျူးလွန်တဲ့ အပြစ်တွေ့ရှိသူ လေးဦးကို ပြီးခဲ့တဲ့နှစ်က သေဒဏ်စီရင်ခဲ့ကြောင်း ကုလသမဂ္ဂကအရ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly