အိမ်ပြန်ချိန် ….

By ကချင်လေး
01 July 2021
အိမ်ပြန်ချိန် ….

ဇူလိုင်လ ၁ ရက်၊ ၂၀၂၁ ခုနှစ်

အာဏသိမ်းစစ်ကောင်စီကနေ နိုင်ငံတော်ရဲ့အာဏာကို သိမ်းယူလိုက်ပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြားမှာ စစ်ပွဲတွေက ပြန်ဖြစ်လာနေပါတယ်။

ဒီအခြေအနေမှာ ဝိုင်းမော်မြို့နယ်မှာအတွင်းက စစ်ဘေးရှောင်အချို့မှာ မိမိတို့ရဲ့ဌာနေတွေကိုပြန်ဖို့အတွက် လုပ်ဆောင်နေကြတာရှိပါတယ်။ ကဇူး၊ ကန်တော်ယာန်၊ ဂါရာယာန်၊ ဒဘတ်ယာန် အစရှိတဲ့ လိုင်ဇာမြို့ ဝင်ပေါက်အနီးက ကျေးရွာတွေ ပြင်ဆင်နေကြတာပါ။

ဒီကျေးရွာတွေက ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတဲ့အချိန်မှာ ရှေ့တန်းစစ်မျက်နှာတွေ ဖြစ်ခဲ့တဲ့အတွက် စစ်ဘေးဒဏ်ကို ကောင်းကောင်းကြီး ခံစားခဲ့ကြရပါတယ်။ ဒီအခြေအနေမှာ ဆယ်နှစ်လောက်ကြာအောင် ပစ်ထားခဲ့ရတဲ့ ဒီကျေးရွာအုပ်စုအတွင်းက စစ်ဘေးရှောင်များဟာ အခုဆိုနေရပ်ပြန်ဖို့ ပြင်ဆင်နေကြပါတယ်။ သူတို့အနေနဲ့ စစ်ပွဲတွေကြားထဲမှာ အခုလိုနေရပ်ပြန်ဖို့ ပြင်ဆင်နေရလောက်တဲ့ ခိုင်မာနေတဲ့ အကြောင်းရင်တွေက ရှိနေပါတယ်။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းကြောင့် စစ်ဘေးရှောင်တို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက်  လုပ်ငန်းခွင်ရှားပါးမှုတွေ၊ မိရိုးဖလာ လုပ်ကိုင်လာခဲ့ကြတဲ့ စိုက်ပျိုးရေးမြေနေရာတွေပါ ပျောက်ဆုံးလာတဲ့အပြင် ဌာနေဒေသ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကြောင့် အခုလိုနေရပ်ပြန်ဖို့ ဖြစ်လာရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒီအရာတွေကိုဆက်မဖြစ်စေဖို့အတွက် မိမိတို့ရဲ့ နေရပ်ဌာနေဒေသကို ကာကွယ်ဖို့က နေရပ်ကို ပြန်မှဖြစ်မယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ ကျနော်တို့စစ်ရှောင်လာတာ ဆယ်နှစ်ပြည့်ခဲ့ပြီပေါ့နော်။ ဒီအခြေအနေမှာ Camp ထဲမှာကလည်း စားဝတ်နေရေးက မလုံခြုံတော့ဘူး။ မလောက်တော့ဘူ.။ နောက်ပြီး Camp ထဲမှာက ကျဉ်းကျဉ်းကြပ်ကြပ်နဲ့နေနေရတယ်။ အခုဆို ကလေးတွေကလည်း ဆယ်နှစ်ဆိုတော့ အတော့်ကိုကြီးလာကြပြီ။ အဲတော့ စားဖို့၊ နေဖို့၊ ကလေးတွေပညာဆက်သင်ဖို့အတွက် ကျနော်တို့က ဟိုကတည်းနေ အခုထိလုပ်ကိုင်လာနေတဲ့ ဒီနေရာမှ အရင်လိုစိုက်ပျိုးရေးတွေပြန်လုပ်မှ ဖြစ်မယ်။ ဒီလိုလုပ်မှဘဲ ဖြစ်ကိုဖြစ်တော့မယ်။ ဒါမှလည်း မိသားစုတွေကို ပြန်ထောက်ပံ့ပေးနိုင်မယ်။ ဒါပေမယ့် အရင်လို စိုက်ပျိုးရေးတွေပြန်လုပ်ဖို့ကလည်း အတော့်ကို လုပ်ယူရတော့မယ်။ ကျနော်တို့ရဲ့မြေတွေမရှိတော့ဘူးလေ ” မြစ်ကြီးနားမြို့နယ်က စစ်ဘေးရှောင်စခန်းမှာနေထိုင်နေတဲ့ ဦးနော်ဘောက်က သူ့ရဲ့ စစ်မရှောင်ခင်ကပိုင်ဆိုင်ခဲ့တဲ့မြေ ဆုံးရှုံးရတာနဲ့ပတ်သက်ပြီး အခုလို ပြောပြတာပါ။

စစ်ဘေးရှောင်တွေအနေနဲ့ ဒီလို စစ်ဘေးကို တိမ်းရှောင်ရင်း မိမိတို့ရဲ့ ဌာနေဒေသတွေကနေ အခြားဒေသများကို ရွှေ့ပြောင်းနေထိုင်လာရတဲ့အခါမှာ သူတို့တွေအဓိကပိုင်ဆိုင်ကြတဲ့ နေအိမ်တွေနဲ့ မြေယာတွေကို ဆုံးရှုံးစရာ အကြောင်းရင်းတွေရှိနေပါတယ်။

စစ်ကြောင့် ဒေသခံတွေက စစ်ဘေးလွတ်ရာကို တိမ်းရှောင်လာခဲ့ရပေမယ့် မတိမ်းရှောင်ဘဲ ကျယ်ပြန့်ကြီးထွားလာတဲ့ အရာတော့ရှိနေပါတယ်။ အဲတာက တကျော့ပြန်စစ်ကြီးနဲ့အတူ ဘွားခနဲ့ပေါ်လာတဲ့ တစ်သျုးဌက်ပျောစိုက်ခင်းကြီးတွေဘဲ ဖြစ်ပါတယ်။ ဒီလိုပေါ်လာတဲ့ စိုက်ခင်းကြီးတွေအောက်မှာ စစ်ရှောင်သွားလိုက်ကြတဲ့ စစ်ဘေးရှောင်တို့ရဲ့ စိုက်ပျိုးမြေတွေ ပျောက်ဆုံးကုန်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ကချင်ပြည်နယ်အခြေပြု လူမှုအဖွဲ့အစည်းများနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ပူးပေါင်းသုတေသနပြုလုပ်ခဲ့ပြီး၊ နောက်ဆုံးထုတ်ပြန်ထားခဲ့တဲ့ ကချင်ပြည်နယ်အတွင်းရှိ IDPs များရဲ့ သဘောဆန္ဒဆိုင်ရာစစ်တမ်းတွေအရ စစ်ဘေးရှောင်အိမ်ထောင်စု တစ်ထောင်ကျော်မှာ အိမ်ထောင်စုအားလုံးနီးပါးရဲ့ ၉၂ ရာခိုင်နှုန်းက ဒီလို စစ်ဘေးမတိမ်းရှောင်ခင်ကတည်းက နေအိမ်များနဲ့ မြေယာတွေကို ပိုင်ဆိုင်ခဲ့ကြပါတယ်လို့ ဖော်ပြထားပါတယ်။

စစ်ဘေးတိမ်းရှောင်ရင်း ရွှေ့ပြောင်းနေထိုင်လာကြတဲ့အခါ အသက်မွေးဝမ်းကျောင်း မှုအပေါ်မှာ ဆိုးဝါးစွာသက်ရောက်မှုတွေ ရှိလာခဲ့ပါတယ်။ စစ်ဘေးမတိမ်းရှောင်ခင်ကတည်းက အိမ်ထောင်စုအားလုံးနီးပါးက နေအိမ်တွေ၊ မြေယာတွေပိုင်ဆိုင်ခဲ့ကြတဲ့အတွက် အသက်မွေးဝမ်းကျောင်းမှုကို ဖြေရှင်းကြတဲ့အခါမှာတော့ စိုက်ပျိုးရေးလုပ်ငန်းတွေကိုသာ အဓိက အားထားခဲ့ကြပါတယ်။ ဒါပေမယ့် စစ်ဘေးတိမ်းရှောင်ရင်း ရွှေ့ပြောင်းနေထိုင် လာကြတဲ့အခါမှာတော့ စစ်ဘေးရှောင်အိမ်ထောင်စု တစ်ထောင်ကျော်မှာ အိမ်ထောင်စုအားလုံးနီးပါးရဲ့ ၁၀ ရာခိုင်နှုန်း ကျော်ကျော်လောက်ဘဲ စိုက်ပျိုးရေးလုပ်ငန်းကနေ ဝင်ငွေရှာနိုင်ပါတော့တယ်လို့ အဆိုပါ ကချင်ပြည်နယ် IDP များ၏ သဘောဆန္ဒဆိုင်ရာစစ်တမ်းထဲမှာ ဖော်ပြထားပါတယ်။

" ဒီ IDPs တွေ နေရပ်ပြန်ရေးမှာ အိုအိမ်တွေ၊ မြေယာတွေနဲ့ ပစ္စည့်ဉစ္စာပြန်လည်ဖြည့်ဆည်းပေးအပ်မှုရရှိခွင့်တွေ၊ နောက်ပြီး ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေ လက်လှမ်းမီရရှိခွင့်တွေက စစ်ဘေးရှောင်တွေအတွက် ဆောင်ရွက်ရမယ့် အဓိကအချက်အလက်တွေပဲ ဖြစ်တယ်။ ’’ လို့ အမည်မဖော်လိုတဲ့  သုတေသနပညာရှင်တစ်ဦးက ဆိုပါတယ်။

နောက်ပြီး နေရပ်ပြန်ကြမယ့် စစ်ဘေးရှောင်အများစုက စိုက်ပျိုးရေးလုပ်တဲ့ မူရင်းဒေသတွေကိုဘဲ ပြန်ကြရမှာဖြစ်ပြီး၊ အရင်ကတည်းနေ ဒီစိုက်ပျိုးရေးကိုဘဲ အဓိက ဝင်ငွေရလမ်းကြောင်းအဖြစ်  အသက်မွေးဝမ်းကျောင်းခဲ့ကြတဲ့အတွက် နေရပ်ပြန်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ကြရတော့မယ့်အခါမှာတော့ အိုးအိမ်များနဲ့ မြေယာတွေက လိုအပ်လာတယ်လို့  စစ်ဘေးရှောင်တွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ သုတေသနပညာရှင်များက အခုလိုပြောပြခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ လူတော်တော်များများဟာ သတင်းမီဒီယာတွေမှာ နာမည်ဖော်ပြရမှာကို စိုးရိမ်နေကြပါတယ်။

“ဆယ်နှစ်လောက် ပစ်ထားခဲ့ရတဲ့အတွက် အခုဆို ဘယ်ကရောက်လာမှန်မသိတဲ့ ကုမ္ပဏီကြီးတွေက သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ပေါင်းပြီး တစ်သျုးဌက်ပျောတွေစိုက်ထားပြီ။ စိုက်ပျိုးမြေတွေ ယူထားတယ်။ နယ်မြေဒေသက လည်း လုံခြုံမှုမရှိတော့ မြေတွေပါသွားပြီ။ ” လို့ ဝိုင်မော်မြို့နယ်အတွင်းက စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်ပြီး၊ စိုက်ပျိုးမြေတွေ ဆုံးရှုံးခဲ့ရတဲ့ ဒေါ်ရွယ်အောင်က အခုလိုပြောပြတာပါ။

ဒေါ်ရွယ်အောင်လိုပဲ ကိုယ့်ရဲ့ဌာနေဒေသက မြေတွေမှာ ဘွာခနဲ့ပေါ်လာတဲ့ တစ်သျုးဌက်ပျောခင်းကြီးကို ထိုင်ကြည့်နေရတဲ့သူတွေက ဒုနဲ့ဒေးနဲ့ပါ။ ကိုယ့်ကြောင့်မဟုတ်ပါဘဲနဲ့ ကိုယ်ပိုင်ဆိုင်ထားတဲ့ စိုက်ပျိုးမြေတွေ ဆုံးရှုံးကုန်တယ် ဆိုတဲ့အဖြစ်ကို ယုံရခက်၊ လက်ခံရခက်ခဲနေကြရတာတော့ အမှန်ပါ။  

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်ရဲ့အခြေအနေ အဝဝက အဖက်ဖက်မှာ ချွတ်ခြုံကျတဲ့အခြေအနေဘက်ကို ဦးတည်လာနေတဲ့အချိန် အာဏာသိမ်း စစ်ကောင်စီရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လိုအပ်ရင် ဌက်ပျောပင်တွေကို ရောင်းချမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ကိုး ကြိမ်မြောက်အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောဆိုလိုက်တာပါ။

စစ်တပ်အနေကတော့ တစ်သျူးနည်းနဲ့ ဖီးကြမ်း၊ သီးမွေး အစရှိတဲ့ ဌက်ပျောပင်များကို စိုက်ပျိုးထုတ်လုပ်လျက်ရှိနေကြောင်း၊ ဌက်ပျောသီးဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အာဟာရပြည့်ဝစွာရှိနေတဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသများမှာ စိုက်ပျိုးလိုပါက သင့်တင့်တဲ့နှုန်းထားများနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ စားသောက်ကုန်နဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ ခေါင်းဆောင်က အခုလိုပြောဆိုခဲ့တာဘဲ ဖြစ်ပါတယ်။

တစ်သျုးဌက်ပျောရဲ့ အစ

အာဏာသိမ်းစစ်ကောင်စီကပြောတဲ့ တစ်သျူးဌက်ပျောကို မြန်မာနိုင်ငံမှာဆိုရင် ကချင်ပြည်နယ်အတွင်း အများဆုံးစိုက်ပျိုးနေတာဖြစ်ပြီး၊ ပြည်နယ်အတွင်းမှာက ဝိုင်းမော်မြို့နယ်မှာ အများဆုံးစိုက်ပျိုးနေတာဘဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ တစ်သျူးဌက်ပျောကို တပ်မတော်အုပ်ချုပ်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ စတင်စိုက်ပျိုးလာခဲ့တာဖြစ်ပြီး၊ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ စစိုက်ကတည်းကနေ အခုချိန်ထိ စိုက်ပျိုးဧကဧရိယာက လျော့ကျသွားတာမရှိဘဲ တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးလာခဲ့တာ အခုဆို စိုက်ပျိုးဧရိယာဧကက ပြည်နယ်တစ်ပြည်နယ်လုံး အတိုင်းအတာအနေနဲ့ နှစ်သိန်းနီးပါးရှိလာနေတယ်လို့ မြေယာလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကွန်ယက်အဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

အဆိုပါ မြေယာလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကွန်ယက်အဖွဲ့က ကချင်ပြည်နယ်အတွင်း ရေရှည်တည်တံ့တဲ့ မြေယာစီမံခန့်ခွဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတွေကိုလုပ်ဆောင်နိုင်ဖို့အတွက် ကချင်ပြည်နယ်အခြေပြု CSOs  ၁၁ဖွဲ့ ပူးပေါင်းထားတဲ့ ကွန်ယက်အဖွဲ့ဘဲ ဖြစ်ပါတယ်။

တစ်သျုးဌက်ပျောကုမ္ပဏီများရဲ့ နောက်ခံသမိုင်း

လက်ရှိ ကချင်ပြည်နယ်အတွင်း ဝင်ရောက်စိုက်ပျိုးနေကြတဲ့ ကုမ္ပဏီကြီးများက ပြီးခဲ့တဲ့ ၂၀၀၇ ကတည်းကနေ ဘိန်းအစားထိုးသီးနှံများအဖြစ် ပီးလောပီနှံ၊ ကြံ၊ ပြောင်းဖူး၊ ခရမ်းချင်သီးနဲ့ စိန်တလုံးသရက်သီးများ စိုက်ပျိုးမယ်ဆိုတဲ့ အကြောင်းပြချက်များနဲ့ စတင်ဝင်ရောက်လာခဲ့တာပါ။ ဒါပေမယ့် အခုဆိုရင် အဲဒီသီးနှံတွေကို ဆက်မစိုက်ကြတော့ဘဲ တစ်သျူးဌက်ပျောစိုက်ပျိုးတာကိုဘဲ တိုးချဲ့လာနေကြပါတယ်။

တစ်သျူးဌက်ပျောစိုက်ပျိုးရေနဲ့  ဆက်စပ်လုပ်ငန်းများကို တရုတ်လုပ်ငန်းရှင်များက အများဆုံးရင်းနှီးလုပ်ကိုင်နေတာဖြစ်ပြီး၊ ဒီလိုလုပ်ကိုင်နေတဲ့ ကုမ္ပဏီပေါင်း ၄၀ ကျော်ရှိတယ်လို့ သုတေသနအချက်အလက်တွေအရ သိရပါတယ်။ လက်ရှိအချိန်ထိလည်း တရုတ်နိုင်ငံက တစ်သျုးဌက်ပျောစိုက်ပျိုးရေးနဲ့ ဆက်စပ်ရင်းနှီးမြုပ်နှံမှုက စိုက်ခင်းဧကကြီးများနဲ့အတူ တိုးများလာတာဘဲ ဖြစ်ပါတယ်။

တစ်သျုးဌက်ပျောစိုက်ပျိုးရေးအတွက် မြေရယူမှုပုံစံ

ရင်းနှီးမြုပ်နှံတဲ့ကုမ္ပဏီများက တစ်သျူးဌက်ပျော စိုက်ပျိုးရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူလူထုများကို ကောင်းစွာကြိုတင်အသိပေး ရှင်းလင်းဆွေးနွေးတာမျိုးကို လုပ်ဆောင်တာတွေမရှိဘဲ ဒေသတွင်း ဆက်စပ်ပက်သက်ဆက်နွယ်သူတွေကနေတဆင့် ဝင်ရောက်လုပ်ကိုင်လာခဲ့ကြပါတယ်။ ဒီလို တစတစ တစ်နှစ်ထက်တစ်နှစ် စိုက်ဧကကျယ်ပြန့်လာတဲ့ တရုတ်တစ်သျူးဌက်ပျောစိုက်ခင်းအတွက် မြေနေရာများကို ရယူရာမှာ ကုမ္ပဏီများအနေနဲ့ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အတင်းအဓမ္မရယူခြင်း၊ ညှိနှိုင်းဌားရမ်းခြင်း၊ ညှိနှိုင်းဝယ်ယူခြင်း အစရှိတဲ့ပုံစံများနဲ့ စိုက်ပျိုးမြေများကို ချင်းကပ်ရယူလုပ်ဆောင်လာနေတာပါ။

တစ်သျုးဌက်ပျောစိုက်ပျိုးခြင်းအတွက် ကုမ္ပဏီများအနေနဲ့ မြေယာများကို ရယူကြတဲ့အခါ မြေယာမှတ်ပုံတင် ပုံစံ - ၇ ကိုလုပ်ပေးမယ်လို့ စည်းရုံပြောဆိုတာတွေ၊ နောက်ပြီး ဘေးပတ်ဝန်းကျင် မြေနေရာများကို ဌားရမ်းလိုက်ပြီဖြစ်ကြောင်း လိမ်လည်ပြောဆိုတာတွေနဲ့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေမယ်လို့ ပြောဆိုတာတွေကို လုပ်ဆောင်ကာ စိုက်ပျိုးမြေများကို ရယူခဲ့ကြပါတယ်။

အချို့ကတော့ ဘေးပတ်ဝန်းကျင် မြေနေရာတွေက ဌားရမ်းလိုက်တဲ့အတွက် မဖြစ်မနေ ဌားရမ်းလိုက်ရပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအစိုးရအဖွဲ့ကနေ လုပ်ပိုင်ခွင့်တွေကို ရရှိထားပြီဆိုပြီး စိုက်ပျိုးမြေပိုင်ရှင်တွေကို ခြိမ်းခြောက်ပြောဆိုကာ စိုက်ပျိုးမြေများကို ရယူတဲ့ ပုံစံမျိုးတွေကို လုပ်ဆောင်လာခဲ့ကြပါတယ်။

ဒီလို တစ်သျုးဌက်ပျောစိုက်ပျိုးမြေရယူရာမှာ ရင်းနှီးမြုပ်နှံတဲ့ကုမ္ပဏီဘက်ကနေ မူလစိုက်ပျိုးမြေပိုင်ရှင်များရဲ့ သဘောတူညီမှုနဲ့အညီ မြေရယူခြင်းထက် သဘောတူညီမှုမရှိဘဲ မြေရယူခြင်းမျိုးက ပိုမိုများပြားနေတယ်လို့ သုတေသန အချက်အလက်တွေကလည်း ဖော်ပြနေကြပါတယ်။
တစ်သျုးဌက်ပျောစိုက်ပျိုးခြင်းကြောင့် ရေထု၊ လေထု၊ မြေထုညစ်ညမ်းမှု

တစ်သျုးဌက်ပျောကို ကျယ်ပြန့်စွာစိုက်ပျိုးလာတဲ့အတွက် ရေထု၊ လေထု၊ မြေထုညစ်ညမ်းမှုတွေအပြင် သစ်တောပြုန်းတီးမှုများနဲ့ ဇီဝမျိုးကွဲများရှားပါးပျောက်ကွယ် လာရခြင်း အစရှိတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးများ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဒီလို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းမှာ တစ်သျုးဌက်ပျောစိုက်ပျိုးရာမှာ ပလပ်စတစ်နဲ့ အခြားစိုက်ပျိုးရေးသုံးပစ္စည်းတွေဖြစ်တဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာထုဓါတ်မြေဇာများကို စနစ်တကျ အသုံးပြုမှုမရှိတာတွေကြောင့်ဘဲ ဖြစ်ပါတယ်။ အဲဒါအပြင် အသုံးပြုပြီးသားပစ္စည်းတွေကို စနစ်တကျ သိမ်းဆည်းစွန့်ပစ်မှုမရှိတာတွေကြောင့်လည်း ရေထု၊ လေထု၊ မြေထုတွေညစ်ညမ်းလာနေရတာပါ။ ဒီလိုညစ်ညမ်းမှုတွေက တစ်သျုးဌက်ပျောခြံဝန်းကျင်တိုင်းမှာ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။

ဒီလို တစ်သျုးဌက်ပျောစိုက်ပျိုးခြင်းက လက်ရှိအချိန်မှာ  စိုက်ပျိုးမြေနေရာများကို ပျက်စီးစေတာတွေ၊ ဆုံးရှုံးစေတာတွေ၊ နောက်ပြီး ရိုးရာဓလေ့ ထုံးတမ်းများအတိုင်း မြေအသုံးချမှုစနစ်တွေ ပျောက်ကွယ်သွားပြီး အသက်မွေဝမ်းကျောင်းမှုတွေကို ထိခိုက်နစ်နာလာစေတာတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းများအပြင် မြေယာပိုင်ဆိုင်မှုများနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာ ပဋိပက္ခတွေကို ပြည်နယ်အတွင်း ပိုမိုရှုပ်ထွေးမှုဖြစ်လာအောင် ဖန်တီးနေတဲ့ အခြေအနေတွေဘက် ဦးတည်နေတာဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ မြေယာအရေးက ပြည်တွင်းငြိမ်းချမ်းရေးအတွက် အခြေခံကျတဲ့အရာပါ။ ဒါကြောင့်လည်း တစ်သျုးဌက်ပျောစိုက်ပျိုးခြင်းနဲ့ ဆက်စပ်ဖြစ်ပေါ်လာနေတဲ့ အထက်ပါ ပြသနာတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးတာတွေနဲ့ တည့်မတ်ဖြေရှင်းပေးတာမျိုး မရှိဘူးဆိုရင် တည်ဆောက်နေတဲ့ နိုင်ငံတော်ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကိုပါ အဟန့်အတား ဖြစ်စေလာမှာလည်း ဖြစ်ပါတယ်။

တစ်သျုးဌက်ပျောစိုက်ပျိုးရေးမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုက တစ်နှစ်ကို ဘယ်လောက်ရင်းနှီးမြုပ်နှံထားလဲဆိုတာကို မသိနိုင်သေးပါ။ ဘာဖြစ်လို့လည်းဆိုရင် ကချင်ပြည်နယ်မှာ စတင်စိုက်ပျိုးခဲ့တဲ့ တစ်သျုးဌက်ပျောကို လက်ရှိမြေပြင်အချက်အလက်တွေအရ တရားဝင်လုပ်ပိုင်ခွင့်အရ စိုက်ပျိုးထားတာမဟုတ်တဲ့အတွက်ပါ။  ကချင်ပြည်နယ်အစိုးရအဆက်ဆက်မှာ တစ်သျုးဌက်ပျောစိုက်ပျိုးရေးကို တရားဝင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီက တစ်ခုသာရှိပြီး၊ စိုက်ပျိုးထားတဲ့ဧကက ခြောက်သောင်းကျော်သာ ရှိနေပါတယ်။

ဒီအခြေအနေမှာ တရုတ်နိုင်ငံနဲ့ အထူးဆက်ဆံရေး အဆင်ပြေတဲ့ အာဏာသိမ်းစစ်ကောင်စီက တစ်သျုးဌက်ပျောတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသအနှံ့မှာ စိုက်ပျိုးဖို့ဆိုပြီး အသံထွက်လာပါတယ်။ တကယ်ကော ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ အာဏာသိမ်းစစ်ကောင်စီက တစ်သျုးဌက်ပျောကို စိုက်ပျိုးသွားမှာလား။ တဖက်မှာလည်း ကချင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေကလည်း သူတို့ရဲ့ကိုယ်ပိုင်မြေတွေ ထပ်ပြီးဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်သွားနိုင်မှာလား   ….. ။

(MCIJ ထုတ်လုပ်မှု)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly