ဖားကန့်တွင် ရဲ ၃ ဦး ဖမ်းဆီးခံရ

ဖားကန့်တွင် ရဲ ၃ ဦး ဖမ်းဆီးခံရ

ဇူလိုင် ၁

ဖားကန့်တွင် ရဲအရာရှိတစ်ဦးအပါအဝင် ရဲသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက်ခဲယမ်းအချို့နှင့်အတူ ယနေ့နံနက်က ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

ဖားကန့်မြို့နယ်တွင် တာဝန်ကျနေသည် ရဲအုပ်အဆင့်ရှိ နယ်ထိန်းခေါင်းဆောင်တစ်ဦးနှင့် ရဲတပ်သားနှစ်ဦးကို ဖားကန့်နှင့် လုံခင်းကျေးရွာအုပ်စုကြားရှိ ခွမ်စိုင်ယန်ကျေးရွာအနီးတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကဖမ်းဆီးသွားခြင်းဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

အထက်ပါ ရဲတပ်ဖွဲ့ဝင်သုံးဦးသည်  အရပ်ဝတ်ဖြင့် တာဝန်ထမ်းဆောင်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ သေနတ်သုံးလက်လည်းပါသွားသည်ဟု ဆိုသည်။

ဒေသတွင်းဌာနဆိုင်ရာ အရာရှိတစ်ဦးကမူ ရဲသုံးဦးဖမ်းဆီးခံရသည့်သတင်းကို ကြားသိသော်လည်းအသေးစိတ် မသိရှိဟု ဖြေကြားသည်။

ဖားကန့်ဒေသသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အဆက်မပြတ်လုပ်သည့်ဒေသအဖြစ်နာမည်ကြီးသည်။ 

ယမန်နေ့ကလည်း ဖားကန့်မြို့၊ တာမခံကျေးရွာတွင် လူငယ်အချို့ဦးဆောင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ကားဖြင့်တိုက်၍ ဟန့်တားဖျက်ဆီးကာ လူငယ်လေးဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly