ဂျာမနီက အာဖဂန်နစ္စတန်မှ တပ်ဖွဲ့ဝင်တွေ အားလုံးရုပ်သိမ်း 

ဂျာမနီက အာဖဂန်နစ္စတန်မှ တပ်ဖွဲ့ဝင်တွေ အားလုံးရုပ်သိမ်း 
Photo - AFP

ဇူလိုင် ၁

မေလက စတင်တဲ့ အာဖဂန်နစ္စတန်နိုင်ငံကနေ တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းမှုကို ဂျာမနီနိုင်ငံက အပြီးအစီး တပ်ရုပ်သိမ်းပြီးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာတာကြောင့် အမေရိကန်နဲ့ အခြားနိုင်ငံတကာတပ်တွေနဲ့အတူ နှစ် ၂၀ နီးပါး အာဖဂန်မှာ တပ်ဖြန့်ကြက်ထားရှိမှုဟာ ဂျာမနီနိုင်ငံအတွက် အပြီးသတ်ပြီ ဖြစ်ပါတယ်။ 

အမေရိကန်ဟာ အာဖဂန်က ၎င်းရဲ့ တပ်တွေကို စက်တင်ဘာ ၁၁ ရက် မကျော်လွန်ခင် အပြီးအစီး ရုပ်သိမ်းဖို့ ရည်မှန်းထားချိန်မှာ ဂျာမနီက တပ်တွေအားလုံး ရုပ်သိမ်းလာတာလည်း ဖြစ်ပါတယ်။ 

“နှစ် ၂၀ နီးပါး တပ်ချထားအပြီးမှာတော့ ကျွန်တော်တို့ရဲ့ နောက်ဆုံး စစ်သားတွေကို ဒီကနေ့ ညနေပိုင်းမှာပဲ အာဖဂန်ကနေ ထွက်ခွာကြပါတယ်”လို့ ကာကွယ်ရေးဝန်ကြီး အမျိုးသမီးဖြစ်သူ Annegret Kramp-Karrenbauer က အင်္ဂါနေ့ ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောပါတယ်။ 

“သမိုင်းစာမျက်နှာတစ်ရပ် အဆုံးသတ်ပါပဲ၊ စိန်ခေါ်မှုတွေ ရှိခဲ့တဲ့ အာဖဂန်က တပ်ဖြန့်ချထားမှုမှာ ဂျာမနီစစ်တပ်ဟာ တိုက်ပွဲအတွင်း ကိုယ့်ကိုကို သက်သေပြခဲ့ကြတယ်”လို့ သူက ထပ်လောင်းပြောပါတယ်။ 

၂၀၀၁ ခုနှစ်ကစလို့ အာဖဂန်နိုင်ငံမှာ အမှုထမ်းခဲ့တဲ့ အမျိုးသား၊ အမျိုးသမီး ၁၅၀၀၀၀ ကို ကျေးဇူးတင်ကြောင်း တွစ်တာကနေ သူက ရေးပြီး သူတို့အနေနဲ့ သူတို့ ထမ်းဆောင်ခဲ့တဲ့ တာဝန်အတွက် ဂုဏ်ယူနေရမှာပါလို့ ဆိုပါတယ်။ 

ဒါအပြင် တာဝန်ထမ်းရင်း အသက်ပေးခဲ့ရသူတွေနဲ့ ဒဏ်ရာရသူတွေကိုလည်း ချီးကျူးဂုဏ်ပြုရင်း “အားလုံးကို မေ့တော့မှ မေ့လိမ့်မှာ မဟုတ်ပါ”လို့ သူက ပြောပါတယ်။ 

အာဖဂန်မှာ တာဝန်ထမ်းဆောင်ရင်း ၂၀၀၁ ခုနှစ်ကစလို့ ကျဆုံးတဲ့ ဂျာမနီစစ်သား ၅၉ ဦးရှိကြောင်း စစ်တပ်အရ သိရပါတယ်။ 

အခု နောက်ဆုံးအသုတ် စစ်သားတွေကို အာဖဂန်မြောက်ပိုင်း မာဇာအီရှာရစ်အရပ်က စစ်စခန်းကနေ German A400 Ms လေယာဉ်နှစ်စင်းနဲ့ US C17s လေယာဉ်နှစ်စင်းနဲ့ ပြန်လည်ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly