တရုတ်ရဲ့ ‘နောက်ကြောင်းမပြန်တော့မယ့်’ တိုးတက်မှုကို ကွန်မြူနစ်ပါတီ ရာပြည့်မှာ ရှီကျင့်ဖျင် ဂုဏ်ယူပြောဆို 

တရုတ်ရဲ့ ‘နောက်ကြောင်းမပြန်တော့မယ့်’ တိုးတက်မှုကို ကွန်မြူနစ်ပါတီ ရာပြည့်မှာ ရှီကျင့်ဖျင် ဂုဏ်ယူပြောဆို 
Photo - AFP

ဇူလိုင် ၁

တရုတ်ကွန်မြူနစ်ပါတီ ရာပြည့်အခမ်းအနားတွေကို ကြာသပတေးနေ့က ကျင်းပရာမှာ သမ္မတ ရှီကျင့်ဖျင်က အရှက်ရစရာ ကိုလိုနီအပြုခံ နိုင်ငံအဖြစ်မှ မဟာအင်အားကြီးနိုင်ငံအဖြစ် တက်လှမ်းခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ‘နောက်ကြောင်းမပြန်တော့မယ့်’ တိုးတက်မှုကို ဂုဏ်ယူပြောဆိုပါတယ်။

ပြည်တွင်းက မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့ သူ့အမြင်အရ နိုင်ငံရဲ့ ပြည်ပပြိုင်ဖက်တွေရဲ့ အထက်စီးနင်းဆန်မှုတွေကို မမေ့ကြဖို့ သမိုင်းအကြောင်းအရာတွေနဲ့ချီပြီး မိန့်ခွန်းမှာ ရှီကျင့်ဖျင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

တျန်အန်းမင်ရင်ပြင်မှာ ချိတ်ဆွဲထားတဲ့ ထင်ပေါ်ကျော်ကြားတဲ့ မော်စီတုံးရဲ့ ပုံတူပန်းချီကားကြီးရဲ့ အထက် ဥက္ကဋ္ဌ မော်စီတုံးက ၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ကြောင်း ကြေညာခဲ့တဲ့ စင်မြင့်ထက်မှာ ရှီကျင့်ဖျင်က အနိုင်ကျင့်ခံ တရုတ်နိုင်ငံရဲ့ ခေတ်ဟာ ရာသက်ပန် ချုပ်ငြိမ်းသွားပြီလို့ ပြောရင်း တိုင်းပြည်ဝင်ငွေ တိုးမြှင့်နိုင်တာနဲ့ အမျိုးသားရေးဂုဏ်ကို ပြန်လည်ထိန်းသိမ်းနိုင်တာတွေအတွက် ပါတီကို ချီးကျူးဂုဏ်ပြုပါတယ်။ 

ဘိန်းစစ်ပွဲတွေရဲ့ ဖိနှိပ်မှုအောက်ကနေ တရုတ်နိုင်ငံမှာ ဆိုရှယ်လစ်တော်လှန်ရေး အခြေခိုင်မြဲအောင် ရုန်းကန်ထူထောင်ခဲ့ရတာတွေကို ပြောဆိုရာမှာ သမ္မတ ရှီကျင့်ဖျင်က ကွန်မြူနစ်ပါတီဟာ ‘အမျိုးသားရေးကို အားသစ်လောင်း’ ပေးနိုင်ခဲ့ပြီး ဆင်းရဲမှုကနေ သန်းပေါင်းများစွာသော ပြည်သူတွေကို ဆွဲထုတ်နိုင်ခဲ့ကာ ‘ကမ္ဘာ့ဖွံ့ဖြိုးမှု အခင်းအကျင်းကိုလည်း ပြောင်းလဲပစ်နိုင်’ ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ အားသစ်လောင်းနိုင်မှုဟာ မပြောင်းလဲပစ်နိုင်တဲ့ သမိုင်းတွင် လမ်းကြောင်းပေါ် ရောက်ရှိနေပြီး အမျိုးသားအကျိုးစီးပွားတွေကို ကာကွယ်ဖို့ ‘ကမ္ဘာ့တန်းဝင်’ စစ်တပ်ကို ဆက်လက် ထူထောင်သွားမယ်လို့ မော်စီတုံး ပုံစံအတိုင်းဖြစ်တဲ့ အပေါ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ ရှီကျင့်ဖျင်က သံန္ဒိဌာန်ပြု ပြောဆိုပါတယ်။ 

၁၉၂၁ ခုနှစ် နွေကာလမှာ မော်စီတုံးနဲ့ မက်စ်-လီနင်ဝါဒရေးရာ ပညာရှင်တစ်စုဟာ ရှန်ဟိုင်းမှာ ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့ကြတာ ဖြစ်ပြီး  အဲဒီအချိန်ကစလို့ ကမ္ဘာ့ အင်အားအကြီးဆုံး နိုင်ငံရေးအဖွဲ့အစည်းတွေထဲက တစ်ခုအဖြစ် ရုပ်လုံးပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

စစ်ပွဲ၊ အငတ်ဘေးနဲ့ ဝရုန်းသုန်းကားအခြေအနေတွေကို ဖြတ်သန်းရင်း နှစ် ၁၀၀ တိုင်ခဲ့တဲ့ ကွန်မြူနစ်ပါတီမှာ လက်ရှိ ပါတီဝင်အင်အား ၉၅ သန်းနီးပါး ရှိနေပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုပြိုင်ဖက်တွေကို ဆန့်ကျင်ရင်ဆိုင်လာတဲ့ မဟာအင်အားကြီးအဖြစ်ဆီ မကြာသေးတဲ့ကာလတွေအတွင်း တက်လှမ်းရောက်ရှိလာခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required