KNUဆီတောခိုသွားတဲ့ Gz လူငယ်တစ်ဦးကို ဓားနဲ့ ခုတ်သတ်ဖြတ်တယ်ဆိုတဲ့ ဗီဒီယိုဖိုင်အတု

30 June 2021
KNUဆီတောခိုသွားတဲ့ Gz လူငယ်တစ်ဦးကို ဓားနဲ့ ခုတ်သတ်ဖြတ်တယ်ဆိုတဲ့ ဗီဒီယိုဖိုင်အတု

KNUဆီတောခိုသွားတဲ့ Gzလူငယ်တစ်ဦးဟာ တောထဲမှာမနေနိုင်လို့ ထွက်ပြေးစဉ်မှာပဲ ဓားနဲ့ လည်ပင်းကိုလေးငါးချက်ခုတ်ကာ သတ်ဖြတ်ခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် Telegram Channelတစ်ခုက ဖြန့်ဝေခဲ့ပါတယ်။
တပ်ကြပ်ကြီး ဖိုးစီအမည်ရ အဲ့ဒီချန်နယ်မှာ ဇွန် ၂၈ရက်က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အဲ့ဒီဗီဒီယိုကိုကြည့်ရှုသူဦးရေဟာ ၁၅၀၀လောက်ထိရှိခဲ့ပါတယ်။ အဆိုပါချန်နယ်ကိုပဲ Subscribeပြုလုပ်သူပေါင်း ၁၇၀၀ လောက်ရှိပါတယ်။ 
၎င်းတို့ဖြန့်ဝေခဲ့တဲ့အထဲမှာ အမျိုးသားတစ်ဦးကိုသတ်တဲ့ဗီဒီယိုဖိုင်နဲ့ အမျိုးသမီးတစ်ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင် နှစ်ခုပါဝင်နေပါတယ်။ 
အဲ့ဒီအမျိုးသားတစ်ဦးကိုသတ်တဲ့ဗီဒီယိုဖိုင်ကို အချက်အလက်စစ်ဆေးကြည့်ရာမှာတော့ ဒါဟာဗင်နီဇွဲလားနိုင်ငံက မူးယစ်ရာဇဝတ်ဂိုဏ်းတစ်ခုက ဆယ်ကျော်သက်ကောင်လေးတစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုတစ်ခုသာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို news.com.auဆိုတဲ့ သတင်းဌာနတစ်ခုက ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၆ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
အခြား အမျိုးသမီးတစ်ဦးကိုရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်ရဲ့ မူရင်းကိုတော့ စစ်ဆေးလို့မရရှိသေးပေမယ့် အဆိုပါဗီဒီယိုဖိုင်ထဲမှာတော့ အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်တွေကို မူးယစ်ဆေးဝါးရောင်းဦးမလားဟု အကြိမ်ကြိမ်မေးကာ ရိုက်နှက်အပြစ်ပေးနေတာလို့ ယူဆရပါတယ်။ 
ဒါ့ကြောင့် KNUဆီတောခိုသွားတဲ့ Gz အမျိုးသားတစ်ဦးကို ဓားနဲ့ လည်ပင်းကိုခုတ်သတ်ဖြတ်တယ်ဆိုတဲ့ ဗီဒီယိုဖိုင်ဟာ လုပ်ကြ့ဖန်တီးထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။ 
လတ်တလောအတွင်း တောထဲမှာ စစ်ရေးသွားရောက်လေ့ကျင့်တဲ့ Gzတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေနဲ့ပတ်သက်လို့ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေကို စစ်ကောင်စီရဲ့ ဘက်တော်သားတွေလို့ယူဆရတဲ့ ဖေ့စ်ဘုတ်အကောင့်တွေ၊ တယ်လီဂရမ်ချန်နယ်တွေနဲ့ အခြားသောလူမှုကွန်ရက်အကောင့်တွေက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာကြောင့် ချင့်ချိန်ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

#MizzimaTV​​
#MisinformationBusters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly