ရခိုင်အမျိုးသားပါတီ ဥက္ကဌဒေါက်တာအေးမောင်အား ပြည်တွင်း၊ပြည်ပရခိုင်များမှ ဆုချီးမြှင့်

ရခိုင်အမျိုးသားပါတီ ဥက္ကဌဒေါက်တာအေးမောင်အား ပြည်တွင်း၊ပြည်ပရခိုင်များမှ ဆုချီးမြှင့်

စစ်တွေ၊ ဒီဇင်ဘာ ၇ ။          ။ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဆရာတော် ဦးဥတ္တမခန်းမ၌ ဒီဇင်ဘာလ ၇ ရက် နေ့လည် ၁၂ နာရီက ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ပြည်တွင်း၊ ပြည်ပ ရခိုင်သူ၊ ရခိုင်သားများက ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။

အဆိုပါဆုချီမြှင့်ပွဲတွင် စစ်တွေမြို့ရှိဆရာတော်ကြီးများ၊ ရခိုင်အမျိုးသားပါတီမှ အနိုင်ရကိုယ်စားလှယ်များနှင့် စစ်တွေဒေသခံ ၅၀၀ ကျော်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် စစ်တွေမြို့စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များကိုယ်စား အဗ္ဗာရာမဆရာတော်မှ သြဝါဒစကားမိန့်ကြားခဲ့သည်။

သြဝါဒစကား မိန့်ကြားရာတွင် ငါးနှစ်တာခရီးသည် ကုန်လွန်ခဲ့ပြီး ယခု ငါးနှစ်သည်လည်း မကြာမီစတင်တင်တော့မည်ဖြစ်သောကြောင့် အရင်ငါးနှစ်ကလည်း သည်အတိုင်း ယခုငါးနှစ်သည်လည်း သည်အတိုင်းသာ ဆက်သွားနေမည်ဆိုပါက ပြည်သူများပေးလိုက်သည့်မဲမှာ ထူးခြားမည်မဟုတ်ကြောင်း မိန့်ကြားခဲ့သည်။

“ရခိုင်ပြည်ကြီးတိုးတက်အောင်မြင်ဖို့တွက် လုပ်မဲ့ကိုယ်စားလှယ်တွေအများကြီး ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် အသီးသီးရောက်ကြမယ်။ ဒါကြောင့် ရခိုင်ပြည်ကြီးထဲမှာရှိတယ် ရခိုင်သူ ရခိုင်သားများကို ကူညီပါ စောင့်ရှောက်ပါ”ဟုလည်း ဆရာတော်ကြီးကမိန့်ကြားခဲ့သည်။

ယင်းနောက်တွင် မလေးရှားနိုင်ငံ မလကာမြို့ရောက် ရခိုင်သူရခိုင်သားများမှပေးအပ်သည့် ဂုဏ်ပြုသဝဏ်လွှာအား ဖတ်ကြားခြင်း၊ စစ်တွေမြို့နယ်မှ အနိုင်ရရှိသည့် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် မိတ်ဆက်ပေးခြင်းများပြုလုပ်ခဲ့ကာ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှ မလေးရှားနိုင်ငံမှပေးအပ်သည့် ဆုအား လက်ခံရယူပြီး ကျေးဇူးတင် စကားပြောကြား ခဲ့ကြောင်းလည်းသိရသည်။

“ဒီနေ့အခမ်းအနားမှာ ကျွန်တော့်တို့အခုလို မလေးရှားရောက် ရခိုင်မိသားစုက အခုလို ဂုဏ်ပြုဆုချီးမြှင့်ပေးခြင်း အတွက် ကျွန်တော့်မှာလဲ ပိုပြီးတော့တာဝန်ကြီးပါတယ်။ အခုလို ဂုဏ်ပြုချီးမြှင့်သည့် အတွက်လည်း မိဘပြည်သူများအား ကျေးဇူးတင်ပါတယ်။ ကျွန်တော်အနေနဲ့လည်း ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအားလုံးမှာ မိဘပြည်သူများ၏ ဆန္ဒနဲ့အညီ ရှေ့ကပဲဖြစ်ဖြစ်၊ နောက်ကပဲဖြစ်၊ အလယ်ကပဲဖြစ် မည်သည့်နေရာကမဆို ကျသည့်နေရာက ဆောင်ရွက်သွားမယ်ဆိုတာကို မိဘပြည်သူများရှေ့မှာ ရဲရဲဝံ့ဝံ့နဲ့ကတိပေးပါတယ်။ ”ဟု ဒေါက်တာအေးမောင်ကပြောသည်။

ယင်းအပြင် ရခိုင်ဒေသ၏ အခက်အခဲများကိုလည်း တိုင်ပင်ညှိနှိုင်းကာ  မိမိတို့ကိုအကြံပေးကြရန်၊ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များမှာလည်း ပြုပြင်စရာရှိလျင် ပြုပြင်နိုင်ရန်တိုက်တွန်းပေးကြရန်နှင့် မညီညွှတ်သေးဆိုသည့် အချက်အလက်များရှိလျင်လည်း မိမိတို့၏ ဖြတ်သန်းခဲ့သော အတွေ့အကြုံများနှင့် လမ်းညွှတ်ပေးကြရန်လည်း ဒေါက်တာအေးမောင်မှပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly