နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၀ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၀ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၃၀ ရက်၊ ဖားကန့်မြို့နယ်တာမခန်မြို့သစ် ဒေသခံလူငယ်များ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း(Photo - CJ )

ရန်ကုန်တိုင်းဒေသကြီး

• စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်နှင့် ကြည့်မြင်တိုင် လူငယ်သပိတ်စစ်ကြောင်းမှ လူငယ်များက ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လူစည်ကားရာ နေရာများ၌ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စုဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် အနုပညာရှင် ၂၄ ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားခြင်းအား ပြန်လည်ရုပ်သိမ်းလိုက်ကြောင်းနှင့် ထပ်မံလုပ်ဆောင်ပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု စစ်အုပ်စုဘက်က ကြေညာထားသည်။ အမှုရုပ်သိမ်းပေးခံရသည့် အနုပညာရှင်များမှာ ဝါဆိုမိုးဦး၊ ကျော်ကျော်နန္ဒ၊ ဟန်နေတာ၊ သက်မွန်မြင့်၊ G Fatt (ခ) မြတ်သူ၊ Kelvin Kate (ခ) အောင်သူလွင်၊ မယ်ရီ၊ နော်ဖောအယ်ထား၊ ခါရာ၊ စူးရှနိုင်၊ ချစ်သုဝေ၊ J Fire (ခ) အောင်ကိုငြိမ်း၊ သီဟထွန်း၊ အေးဝတ်ရည်သောင်း၊ အေးမြတ်သူ၊ ညီနန္ဒ၊ မထက် (ခ) ဥက္ကာထက်၊ မေဦးမောင်၊ ခြူးပန်းနွယ်၊ သားငယ်၊ အောင်ထက်၊ နန်းသူဇာ၊ သွင်ပပအောင်၊ သဇင်နွယ်ဝင်းတို့ ဖြစ်သည်။ 

• အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းတွင် စစ်အုပ်စုသတင်းပေးဟု စွပ်စွဲခံထားရသည့် အသက် ၅၀ အရွယ် ဦးမောင်မောင်ဆိုသူမှာ ယနေ့နံနက် ၈ နာရီကျော်အချိန်ခန့်က အင်းစိန်မြို့နယ်၊ သရက်ခြံ (၃) လမ်းတွင် သေနတ်ဖြင့် ပစ်ခံရသည့်အတွက် ပွဲချင်းပြီး သေဆုံးသွားသည်။ 

• NUGအစိုးရ ပညာ/ကျန်းမာဝန်ကြီး ဖြစ်သူ ဒေါက်တာဇော်ဝေစိုးက D-Day ကာလရောက်တော့မည်ဖြစ်ကြောင်း ပြောကြား ထားမှုအပေါ် CDM ပြုလုပ်နေသည့် Nyi Thuta Facebook အကောင့်ခ်ပိုင်ရှင် စစ်ဗိုလ်တစ်ဦးက ဝေဖန်ပြစ်တင်ရှုတ်ချ ပြောဆိုနေသဖြင့် ဆက်လက်ပြုလုပ်ပါက ဒလန်အဖြစ် စာရင်းသွင်းကာ လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် (ရန်ကုန်) က သတိပေးစာ ထုတ်ပြန်ထားသည်။ 

• စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်ကုန်းလမ်း အပေါ်ဘက်နှင့် ကျွန်းတောလမ်းပေါ်တွင် နေ့လယ် ၂ နာရီ ၁၅ မိနစ်ကျော် ခန့်က စစ်အုပ်စုလက်အောက်ခံ ရဲကားတစ်စီးက မည်သည့်အတွက်ကြောင့်မှန်းမသိရဘဲ ကန့်လန့်ဖြတ်၍ လမ်းပိတ်ထားခဲ့ပြီး ညနေ ၄ နာရီခန့်တွင် လမ်းပြန်ဖွင့်ပေးကာ အသွားအလာ ပြုလုပ်ခွင့်ပေးခဲ့သည်။ 

• ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမကြီးရှိ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆိုက်ကားနင်းသူတစ်ဦးနှင့် အခြားသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာပြီးနောက် ရေကျော်လမ်းထိပ် မောင်အေးလက်ဖက်ရည်ဆိုင်မှစ၍ လမ်းပိတ်ထားခဲ့ကာ အခင်းဖြစ်ပွားရာအနီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စုက မေလ ၂၂ ရက်က မတရားဖမ်းဆီးသွားသည့် သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ ဒုတိယနှစ်ကျောင်းသူ မအိရွှေစင်လင်းမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။ 

မန္တလေးတိုင်းဒေသကြီး

• ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက်တွင် ဇွန်လ ၂၈ ရက် နံနက်ပိုင်းက စစ်အုပ်စုသတင်းပေး ဦးတင်ထွန်းက ပိုင်ရှင်ရှိသည့် မြေကွက်အား သိမ်းယူမှုကြောင့် မြေပိုင်ရှင်နှင့် အချင်းများရာ စစ်အုပ်စုလက်နက်ကိုင်များကို ခေါ်ယူခဲ့ပြီးနောက် ပစ်ခတ်မှုများဖြစ်ပွားရာ အခင်းဖြစ်ပွားရာသို့ သွားကြည့်မိသည့် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၁ လမ်းတွင် နေထိုင်သူ ကိုဝေဖြိုးအောင် ကျည်ဆံထိမှန်သေဆုံးကာ အလောင်းအား စစ်အုပ်စုက မိသားစုထံ ပြန်မပေးဘဲ မီးသင်္ဂြိုဟ်လိုက်ပြီ ဖြစ်ကာ စစ်အုပ်စုဘက်ကမူ မြေယာအငြင်းပွားမှုအား သွားရောက်ထိန်းသိမ်းစဉ် အုတ်ခဲကျိုးဖြင့် ပစ်ခတ်တိုက်ခိုက်၍ ပြန် လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လိမ်လည်သတင်းထုတ်ပြန်ထားသည်။ 

• သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာတွင် PDF နှင့် ပတ်သက်ကာ CDM များအား ထောက်ပံ့နေသည်ဟုဆိုကာ ရွာခံ ဦးညီညီထွန်း၊ ဦးမော်ကြီးနှင့် ဦးညီညီထွန်းခြံတွင် အလုပ်လုပ်နေသည့် အလုပ်သမား လေးဦးအား စစ်အုပ်စုလက်နက်ကိုင်များ က ယမန်နေ့ နံနက်ပိုင်းက ခြံကိုဝိုင်းကာ ပိတ်ဆို့၍ ဖမ်းဆီးသွားသည်။ 

• မန္တလေးလူငယ်များ သပိတ်စစ်ကြောင်းနှင့် သမဝါယမတက္ကသိုလ်ကျောင်းသားများသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက လမ်းများကြီးများပေါ်ထိ တက်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုဘက်မှ ကင်းလှည့်မှုများ ရှိနေသည့် ကြားကပင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• မန်း ချမ်းမြသာစည် သပိတ်စစ်ကြောင်းကလည်း မြို့အထင်ကရလမ်းဖြစ်သည့် မနော်ဟရီလမ်းမကြီးပေါ်ထိတက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းလေးပြင်ရပ် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် လမ်းပေါ်တက်လာကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေးတွင် စစ်အုပ်စုလက်နက်ကိုင်များက အိမ်စီးကားများ၊ ဆိုင်ကယ်များဖြင့် ပုံမှန်ပြုလုပ်နေပြီး ယမန်နေ့ညပိုင်း အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်းတွင် ခြောက်လှန့်ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သည်ဟု နန်းရှေ့နေ ပြည်သူတစ် ဦးက အတည်ပြု ပြောဆိုသည်။ 

• မြင်းခြံမြို့နယ် (၁၇) ရပ်ကွက်ရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနှင့် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးကျော်ဝင်းမှာ အမှတ် (၁၈) ရပ်ကွက်တွင် ယမန်နေ့ညပိုင်း ၈ နာရီ ၄၀ မိနစ်ခန့်က အမည်မသိသူများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လက်တွင် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

• ငါန်းဇွန်မြို့ ကုလကျေးရွာတွင် စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး အောင်ဇော်မင်းက စစ်အုပ်စုလက်နက်ကိုင်များအား ဦးဆောင်၍ ရွာအတွင်း စီးနင်းရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခိုင်းကာ ရွာသားအချို့ကိုလည်း ပစ်သတ်မည်ဟု ခြိမ်းခြောက်မှု များ ပြုလုပ်လျက်ရှိကာ ဇွန်လ ၂၈ ရက်ကလည်း စစ်အုပ်စုက ရွာအတွင်း စီးနင်းဝင်ရောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ အဆိုပါ အုပ်ချုပ်ရေးမှူး၏ အဒေါ်တော်စပ်သူ ကျည်ဆံထိမှန်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• ရွှေတာင်မြို့နယ်၊ မိုးကြိုးပစ်ကုန်းအပါအဝင် လမ်းဆုံလမ်းခွများတွင် ယမန်နေ့ညပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက စစ်ကားသုံးစီး၊ ရဲကားနှစ်စီးဖြင့် အချက်ရေများစွာ ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ယနေ့နံနက်ပိုင်းတွင် ဆန္ဒပြပွဲများ ပြုလုပ်မည်ဟု သတင်းများထွက်ပြီးနောက် ယင်းကဲ့သို့ ခြောက်လှန့်ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ရွှေတောင်မြို့ခံတစ်ဦးက အတည်ပြုပြောဆိုသည်။ 

• ကျောက်ကြီးမြို့နယ်၊ မအူပင်ဆိပ်အုပ်စု၊ ဆိပ့်ကြီးကျေးရွာနေ ကိုအေးလွင် (ခ) ကိုနုပင်း၏ နေအိမ်အား စစ်အုပ်စုလက်နက် ကိုင်များက ဇွန်လ၂၈ ရက် ညပိုင်းက သေနတ်ပစ်ဖောက် ဝင်စီးခဲ့ရာ လင်မယားနှစ်ဦးစလုံး တိမ်းရှောင်နေကြရပြီး ဓား၊ ခဲများအား ကျောက်ကြီးမြို့သို့ ဆိုင်ကယ်ကယ်ရီဖြင့် ပို့ခိုင်းခဲ့ရာမှ ယင်းသို့ ဝင်ရောက်စီးနင်းခံရခြင်း ဖြစ်သည်။ 

• တောင်ငူမြို့နယ် ဘွဲ၊ မိုဘွာသာသနာ့နယ်မြေအတွင်း လက်နက်ပြုလုပ်သည်ဟုဆိုကာ ဇွန်လ ၂၇ ရက် ည ၁၁ နာရီကျော်က ရိုက်နှက်ဖမ်းဆီးခံရသည့် ဘာသာရေးဆရာအပါအဝင် ငါးဦးအား စစ်အုပ်စုက ခံဝန်လက်မှတ်ထိုးခိုင်းကာ ယမန်နေ့ ညနေ ပိုင်းက ပြန်လွှတ်ပေးလိုက်သည်။ 

• ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ် (ခ) ဇော်လတ်မှာ ဇနီးဖြစ်သူနှင့်အတူ ရွာမှ ပေါင်းတည်မြို့ဘက်သို့ ဗျူဟာလမ်းအတိုင်း ဆိုင်ကယ်ဖြင့် စီးနင်းလာစဉ် အဂ္ဂရာပြည့်ကျေးရွာအနီးတွင် ဦးခေါင်းအား သေနတ်ဖြင့် ပစ်ခံရသည့်အတွက် သေဆုံးခဲ့ကာ အမျိုးသမီးမှာမူ လွတ်မြောက်သွားသည်။ ပစ်ခတ်မှုမှာ ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BDF ၏ ပြည်ခရိုင်ပြောက်ကျားတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

• တောင်ငူမြို့ အမှတ် (၁) ရဲစခန်းအနီးတွင် ယနေ့နေ့လယ် ၁၂ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု ရှိ၊ မရှိကိုမူ စုံစမ်းဆဲ ဖြစ်သည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• ငသိုင်းချောင်းမြို့တွင် ယမန်နေ့ညပိုင်း အသွားအလာကန့်သတ်ထားသည့် ည ၈ နာရီအချိန်ခန့်က ဆေးရုံးအနီးနှင့် မြို့တွင်း အချို့နေရာများ၌ ပေါက်ကွဲမှု လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ စစ်အုပ်စုလက်နက်ကိုင်များက ခြောက်လှန့်ပစ်ခတ်မှု များလည်းပြုလုပ်ခဲ့သည်။ 

• ငပုတောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF သင်တန်းတက်ရောက်ပြီးသူများ ရှိနေကြောင်း သတင်းရရှိ၍ လက်ဦးမှုရယူ ဖမ်းဆီးနိုင်ရန် မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများအား တိုင်းနစကအဖွဲ့က ညွှန်ကြားထားသည်။ 

• ဧရာဝတီတိုင်းအတွင်း စစ်အုပ်စုက ဖမ်းဆီးထားပြီးနောက် အမှုရုပ်သိမ်၍ ပြန်လွှတ်ပေးမည့်သူများစာရင်းတွင် ပင်းတယ မီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်၊ မြန်မာသံတော်ဆင့်သတင်းထောက် ရဲရင့်ထွန်း၊ ဧရာတိုင်းမ်သတင်းထောက် ကိုအောင်မြသန်းနှင့် မအူပင်ဟစ်တိုင်သတ်ငးထောက် ကိုဇော်မင်းဦးတို့ ပါရှိကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်း ရွေးကောက်ပွဲမဲဆွယ်ကာလက စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီယာဉ်တန်းပါသူများက တိုက်ခိုက်မှုဖြင့် ကာဘိုးရွာသား အသက် ၃၈ နှစ်အရွယ် ကိုမျိုးဝင်းသေဆုံးမှုနှင့် ဖမ်းဆီးခံထားရသည့် ပါတီဝင် ၁၅ ဦးအမှုအား ရုပ်သိမ်းပေးရန် တရားလိုဖြစ်သူ ကိုမျိုးဝင်း၏ ဇနီးဖြစ်သူ ဒေါ်လှမေကိုယ်တိုင် စာတင်ထားသည်ဟု သိရသည်။ အဆိုပါအမှုအား ပုဒ်မ ၃၀၂/၁၄၈ ဖြင့် ဒေါ်လှမေကိုယ်တိုင် အမှုဖွင့် တိုင်ကြားထားခြင်းဖြစ်ကာ စစ်အာဏာမသိမ်းခင်အထိ ရုံးထုတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ အာဏာသိမ်းပြီးနောက်တွင် ရုံးထုတ်စစ်ဆေးမှုမပြုလုပ်ဘဲ ထားခဲ့ရာမှ မေလ ၂၆ ရက်တွင် အမှုရုပ်သိမ်းကြောင်းစာ တင်ထားခဲ့ခြင်း ဖြစ်သည်။ အမှုရုပ်သိမ်းကြောင်းစာတွင် တင်သွင်းသူ ဒေါ်လှမေ အမည်နေရာ၌ လက်ဗွေရာတစ်ခုသာ ပါရှိသည်။ 

• ကလေးမြို့နယ်၊ ထောက်ကြန့်ရွာနေ ဦးထွန်းဝေဆိုသူအား စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးရာတွင် မတွေ့ရှိသဖြင့် ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် ဇနီးဖြစ်သူ ဒေါ်အေးအေးမြင့်နှင့် သမီးဖြစ်သူ မနှင်းအိအိစံ (၁၄ နှစ်) တို့အား ယမန်နေ့ ညနေပိုင်းက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ 

• စစ်အုပ်စုဘက်က လူမဆန်စွာ ကျူးလွန်မည့် အကြမ်းဖက်မှုများ ကြုံတွေ့လာနိုသည့်အတွက် ရပ်ကွက်နှင့် ကျေးရွာအလိုက် ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့များ ဖွဲ့စည်းထားရန် တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF က ယနေ့ နေ့စွဲဖြင့် ကြေညာတိုက်တွန်းထားသည်။ 

• ကသာမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ လမ်းမတော်လမ်းရှိ အ.ထ.က (၁) ကျောင်းဝင်ပေါက်တွင် နံနက် ၅ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ 

• ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီ စုဝေး၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက် သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ယင်းမာပင်မြို့နယ် သီးကုန်းကျေးရွာတွင် စစ်အုပ်စုသတင်းပေးဟု သတ်မှတ်ခံရသူ ကိုမြင့်လှိုင်နှင့် ကိုငမင်းဆိုသူတိုအား မုံရွာ-ကလေးလမ်းကြီး ၂၆ မိုင်တွင် သေဆုံးလျက်တွေ့ရှိခဲ့ကာ မည်သည့်အဖွဲ့အစည်းကြောင့် သေဆုံးသွားသည်ကိုမူ မသိရသေးပေ။ 

• မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းကလည်း မြို့တွင်း၌ ဆိုင်ကယ်များဖြင့် လှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• တန့်ဆည်မြို့နယ်၊ ကန်လေးကုန်းကျေးရွာတွင် စစ်အုပ်စုသတင်းပေးဟု နာမည်ထွက်နေသည့် ဒေါ်မေဇင်ဦးဆိုသူမှာ ယမန်နေ့ညနေပိုင်းက တိုက်ခိုက်ခံခဲ့ရကာ ယနေ့နံနက်ပိုင်းတွင် သေဆုံးသွားပြီဟု သိရသည်။ 

• တန့်ဆည်မြို့နယ် ဒေသခံပြည်သူများကလည်း မြို့နယ်တွင်း ကျေးရွာများသို့ လှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီး

• စစ်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်မှုဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်ကတည်းက ဖမ်းဆီးခံထားရသည့် မကွေးဆေးတက္ကသိုလ်မှ မသွယ်ရတီဦး၊ ကိုမင်းသိမ်းကျော်နှင့် ကိုစည်ဟိန်းတို့ သုံးဦးအား ရက်ပေါင်း ၁၂၀ ကျော် ထိန်းသိမ်းကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲထားရာမှ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။ 

• ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ပြည်သူနှင့် CDM ဝန်ထမ်းများအား စစ်အုပ်စုအကြမ်းဖက်မှုမှ ကာကွယ်ရန်နှင့် တွန်းလှန်ရန် အတွက် မြိုင်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF/Myaing ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• မကွေးအကျဉ်းထောင်တွင် စစ်အုပ်စုက အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး လေးဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်စဉ်က စစ်အုပ်ဘက်က အကြမ်းဖက်ဖြိုခွဲသဖြင့် လက်တစ်ဖက် ပြတ်ကာ မျက်စိတစ်ဘက် မျက်ကြည်လွှာဆုံးရှုံးခဲ့သည့် အင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသား မောင်လျှံဖြိုးအောင် မပါရှိခဲ့ပေ။ မောင်လျှံဖြိုးအောင်မှာ မျက်ကြည်လွှာကုသရန်အတွက် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ဆေးစာရေးပေးထားသော် လည်း စစ်အုပ်စုက ကုသခွင့်မပေးဘဲ ဆက်လက်ချုပ်နှောင်ထားခြင်း ဖြစ်သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• သရက်ချောင်းမြို့နယ်၊ သင်းကျွန်းနှင့် ညောင်ဇင်ကျေးရွာနေ ပြည်သူများကလည်း ယနေ့နံနက်ပိုင်းတွင် ကျေးရွာသပိတ်စစ်ကြောင်းများ ဖွင့်ကာ ကျေးရွာတွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• လောင်းလုံမြို့နယ်၊ မောင်းမကန်ကျေးရွာသပိတ်စစ်ကြောင်းကလည်း အာရုဏ်ဦးသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာနှင့် အောက်ရေဖြူကျေးရွာတို့တွင်လည်း ဒေသခံများက မိုးရွာသွန်းသည့်ကြားကပင် "စစ်ဖိနပ်အောက် ငါတို့ ဒူးမထောက်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ လောင်းလုံမြို့နယ်၊ ကြက်ယက်တွင်းနှင့် မိန်းမချောကျေးရွာနေ ပြည်သူများကလည်း ယနေ့နေ့လယ်ပိုင်းက စစ်အာဏရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထား သည့် စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ လောင်းလုံမြို့နယ် သပိတ်စစ်ကြောင်းကလည်း ယနေ့ ညနေပိုင်းတွင် မြို့နယ်တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြေင်း ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်မြို့ အဝင်အထွက်ဂိတ်များတွင် စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နံနက်ပိုင်း ၆ နာရီခန့်မှစ၍ ဖြတ်သန်းသွား လာသည့် ယာဉ်နှင့် ဆိုင်ကယ်များကို တားဆီးစစ်ဆေးကာ ကိုယ်ရေးမှတ်တမ်းအချက်အလက်များ တောင်းခံနေသည့်အပြင် မြို့တွင်း၌လည်း တစ်လမ်းဝင် တစ်လမ်းထွက်ပုံစံဖြင့် ကင်းလှည့်မှုများ ပြုလုပ်ခဲ့သည်။ 

• ထားဝယ်မြို့ အရှေ့တောရပ်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထားဝယ်မြို့နယ် ရှမ္မတွင်းကျေးရွာနေ ပြည်သူများကလည်း စစ်အုပ်စုလက်နက်ကိုင်များ လုံခြုံရေးတင်းကြပ်ထားသည့် ကြားကပင် ပြောက်ကျားသပိတ် ပြုလုပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံများကလည်း "တော်လှန်ပန်းတွေ အကုန်ပွင့်လန်းမည်" ဟု ရေးသားထားသည့် ဆိုင်းဘုတ် ကိုင်ဆောင်ကာ ပြောက်ကျားသပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

ကချင်ပြည်နယ်

• မြစ်ကြီးနားမြို့နယ် (၂၁) မိုင်ဂိတ်တွင် ယနေနံနက်ပိုင်း ၅ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ်မတော် - KIA ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်ဘက်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ၊ နှစ်ဦးဒဏ်ရာရ၍ တစ်ဦးပျောက်ဆုံးလျက်ရှိသည်။ နှစ်ဖက်ပစ်ခတ်မှုများအတွင်း တိုက်ပွဲဖြစ်ပွားရာအနီးရှိ ထမင်းဆိုင်မှ ကိုအညာသားဆိုသူလည်း ကျည်ထိမှန် သေဆုံးခဲ့သည်။ 

• မြစ်ကြီးနားမြို့နယ်တွင်းရှိ ကချင်လွတ်မြောက်ရေးတပ်မတော် - KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၁) စိုးမိုးရာ နေရာများတွင် ယနေ့နေ့လယ်ပိုင်း ၁ နာရီ ၄၀ မိနစ်ခန့်က စစ်အုပ်စုလေယာဉ်များက ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည် ဟု သိရပြီး ထိခိုက်မှု မရှိခဲ့ဟု သိရသည်။ 

• ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ပြင်တွင် ယနေ့နံနက် ၉ နာရီခန့်က လယ်ယာလုပ်ငန်း လုပ်ကိုင်နေသည့် တောင်သူများအား ကင်းလှည့်နေသည့် စစ်အုပ်စုလက်အောက်ခံ တပ်မ ၈၈ က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မှားယွင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ 

• မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာ တာဝါတိုင်ကုန်းအား စစ်အုပ်စုဘက်က နံနက် ၃ နာရီခန့်မှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်မှုများ ရှိနေပြီး ပြီးခဲ့သည့် မေလအတွင်းကလည်း အဆိုပါတောင်ကုန်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် - KIA နှင့် စစ်အုပ်စုအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကာ စစ်အုပ်စုဘက်က အကျအဆုံးများခဲ့သည့် အတွက် လေကြောင်းပစ်ကူများသုံးကာ တိုက်ခိုက်ခဲ့ဖူးသည်။

• ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ဒေသခံများကလည်း ကျေးရွာများအတွင်း ဆိုင်ကယ်များဖြင့် လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် မိုးကောင်းမြို့နေ ပြည်သူများက ပြောက်ကျား သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မြစ်ကြီးနားအကျဉ်းထောင်တွင် ယနေ့ ညနေပိုင်းက စစ်အုပ်စုက ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးထားသူများအပါအဝင် အကျဉ်းသားအများအပြားအား လောရီကားသုံးစင်းဖြင့် မြို့တော်ခန်းမသို့ ခေါ်ဆောင်သွားကာ ပြန်လည်လွတ်ပေးမှုများ ပြုလုပ်နေပြီဟု သိရသော်လည်း မည်သူများ လွတ်မြောက်သည်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။ 

ကရင်ပြည်နယ်

• ကရင်အမျိုးသားအစည်းအရုံး - KNU ထံသို့ တောခိုသွားသည့် Gen-Z လူငယ်တစ်ဦးအား Telegram Channel ရှိ စစ်အုပ်စု ဝါဒဖြန့် "တပ်ကြပ်ကြီးဖိုးစီ" အမည်ရှိ အကောင့်ခ် ဇွန်လ ၂၈ ရက်တွင် ဖြန့်ဝေခဲ့ရာ ယင်းဗီဒီယိုဖိုင်မှာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က news.com.au သတင်းဌာနက ဗင်နီဇွဲလားနိုင်ငံတွင် မူးယစ်ဂိုဏ်းတစ်ခုမှ လူငယ်တစ်ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဗီဒီယိုဖိုင်သာ ဖြစ်သည်။ 

• KNU လက်အောက်ခံ တပ်မဟာ (၁) (၃) (၅) (၆) က ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေသည့် နေရာများတွင် စစ်အုပ်စုက အင်အားတိုးချဲ့မှုများ ပြုလုပ်နေကြောင်း KNU ဘက်က ထုတ်ပြန်ထားသည်။ 

ကယားပြည်နယ်

• မယ့်စဲ့မြို့နယ်တွင် စစ်အုပ်စုအား ဆန့်ကျင်၍ CDM ပြုလုပ်နေသည့် အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်း ၇၈ ဦးအား စစ်အုပ်စုက အလုပ်က ထုတ်ပယ်ပစ်လိုက်သည်။ 

ချင်းပြည်နယ်

• ဖလမ်းမြို့တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဒေသခံ Chin National Defense Force – CNDF ရှိရာနေရာတစ်ခုအား စစ်အုပ်စုဘက်မှ အင်အားအများအပြားသုံးကာ လက်နက်ကြီးများ ပစ်ကူယူ၍ ဝင်ရောက်လာသည့်အတွက် နှစ်နာရီခန့် တိုက်ပွဲဖြစ်ခဲ့ရာ စစ်အုပ်စုဘက်မှ အနည်းဆုံး ၂၀ ဦးကျဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး CNDF ဘက်မှ လေးဦးကျဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် - CNO က ထုတ်ပြန်ထားသည်။ 

• ဖလမ်းမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်က စစ်အုပ်စုဆန့်ကျင်ရေး လူထုသပိတ်အား အကြမ်းဖက်ဖြိုခွဲစဉ်က ဖမ်းဆီးခံခဲ့ရသူ ဆလိုင်းကျော်ဆန်းနှင့် ဆလိုင်းဇာလျန်တို့အား ဖမ်းဆီးပြီး ငါးလခန်အကြာ ယနေ့နံနက်ပိုင်း ၉ နာရီက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကာ ၎င်းတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ဆလိုင်းဘွဲ့လှိုင်ကြွမ်းမှာမူ လွတ်မြောက်ခြင်းမရှိသေးပေ။ ပြန်လွတ်လာသူနှစ်ဦး အား ဆေးစစ်ရာတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ တွေ့ရသည့်အတွက် ဆေးရုံသို့ ပို့ဆောင်ထားသည်။ 

• ဟားခါးမြို့နယ် Bungzung - ဘုံဇုန်းရဲစခန်းတွင် ယမန်နေ့ နံနက်ပိုင်း ၅ နာရီခွဲကျော်ခန့်မှ ၁၁ နာရီအထိ Chinland Defense Force - Hakha နှင့် ရဲစခန်းအတွင်း လုံခြုံရေးယူထားသည့် ရဲနှင့် စစ်သားများအကြား တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်မှ ၂၀ ဦးခန့် သေဆုံးကာ CDF ဘက်မှ အကျအဆုံးမရှိဘဲ ဒဏ်ရာရသူတစ်ဦးသာ ရှိခဲ့သည် CDF ဘက်က ထုတ်ပြန်ထားသည်။ 

• ဟားခါးတွင် စစ်အုပ်စုက ဖမ်းဆီးထားသူများအနက် ၄၁ ဦး ပြန်လွတ်လာပြီဖြစ်ကာ အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ရှစ်ဦးတို့ဖြစ်ပြီး အများစုမှာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသူများဖြစ်ကာ CDM လှုပ်ရှားမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးခံထားရသူအချို့လည်း ပါဝင်ကာ ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းထားသူ ရှစ်ဦး ရှိသည်။ 

မွန်ပြည်နယ်

• မော်လမြိုင်မြို့နေ လူငယ်များကလည်း "တရးမျှတမှုအတွက် တိုက်ပွဲဝင်ကြ" အပါအဝင် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းစေကြောင်း ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ပေါင်မြို့နယ်နေ လူငယ်များကလည်း ကိုဗစ်ကူးစက်မှု သတိပေးခြင်းနှင့်အတူ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

ရှမ်းပြည်နယ်

• ရှမ်းပြည်မြောက်ပိုင်း နမ့်ဖက်ကာတွင် အသက် ၁၃ နှစ်အရွယ် သီလရှင်အား စစ်အုပ်စုလက်နက်ကိုင် စစ်သားတစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားထားရာ ဇွန်လ ၂၇ က ပြုလုပ်သည့် ဒေသခံများနှင့် စစ်အုပ်စုတာဝန်ရှိသူများအကြား အစည်းအဝေး ပြုလုပ်၍ စစ်ဆေးခဲ့ရာ အဆိုပါစစ်သားဘက်မှ လက်ကိုင်ရုံ၊ ပါးနမ်းရုံသာ လုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရကာ ၎င်းအား တပ်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။ 

• တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းအရှေ့ရှိ "အောင်" ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင် ဦးအောင်မြင့်ဦး (ခ) ရာဖစ်နှင့် ဆိုင်အလု်သမား ဇော်ခန့်နိုင် (ခ) တွာဆင်းတို့အား GZ စာတန်းပါ စတေကာများအား ထိုင်းနိုင်ငံဘက်မှ မှာယူရောင်းချမှုဖြင့် ဇွန်လ ၂၈ ရက် ညနေပိုင်းတွင် စစ်အုပ်စုက ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။ 

• နောင်ချိုမြို့နယ်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ၊ သတင်းပေးဒလန်များနှင့် ၎င်းတို့နှင့် ဆက်နွှယ်နေသူများအား နည်းမျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း People Defense Force – Nawng Hkio က ကြေညာထားသည်။ 

• ကျိုင်းတုံမြို့နယ်၊ ကုန်းကျောင်းကျေးရွာ (၁) ရပ်ကွက်တွင် ယနေ့နံနက်အစောပိုင်းက အသက် ၂၉ နှစ်အရွယ် နန်းပင်းတစ်ဆိုသူမှာ နေအိမ်တွင် ရှိနေစဉ် ဓားပြတိုက်ခံရကာ လည်ပင်းအား ကြိုးဖြင့် ညစ်သတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း သိရကာ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း ပါသွားသည်ဟု သိရသည်။ 

• ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်-ကျေးသီး ပြည်ထောင်စုလမ်းမကြီးအား စစ်အုပ်စုလက်အောက်ခံ တပ်မ ၉၉ မှ စစ်သားများက ယနေ့နံနက် ၈ နာရီမှစ၍ လမ်းအားပိတ်ဆို့ထားကာ ယာဉ်များအား ဖြတ်သန်းခွင့်မပေးဘဲ ပြန်လှည့်ခိုင်းမှုများ ပြုလုပ်ခဲ့သည်။ 

ရခိုင်ပြည်နယ်

• ဂျပန်နိုင်ငံမှ အပြန် ရန်ကုန်လေဆိပ်တွင် ဇွန်လ ၂၅ ရက်က ဖမ်းဆီးခံရသည့် ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဋ္ဌဟောင်း ဦးကျော်သန်းလှိုင်မှာ ဇွန်လ ၂၉ ရက်က ပြန်လွတ်လာပြီဖြစ်ကာ ၎င်းအား ဖမ်းဆီးသွားသူမှာ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ - စရဖအဖွဲ့မှ ဖြစ်ကာ သေနတ်ထောက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းလွတ်မြောက်ရေးအတွက် စစ်တပ်ဘက်မှ ငြိမ်းချမ်းရေးအဖွဲ့အား ရက္ခိုင့်တပ်မတော် - AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကိုယ်တိုင် ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့မှုကြောင့် ပြန်လွတ်လာခြင်းဖြစ်ကြောင်း ၎င်းက မီဒီယာများသို့ ပြောဆိုထားသည်။ 

နေပြည်တော်

• ပြည်တွင်းရှိ နိုင်ငံခြားသတင်းဌာနအချို့က သတင်းများရေးသားရာတွင် "Military Council/Military Junta/Junta” ဟု ရေးသားဖော်ပြမှုများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက အရေးယူမည်ဟု စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် စစ်အုပ်စုအား ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများကလည်း မြန်မာပြည်၏ အစိုးရဖြစ်ကြောင်း အသိအမှတ်ပြု ထားပြီးဖြစ်သည်ဟုလည်း အဆိုပါသတိပေးထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။ 

• ဒေါ်လာဘီလျံများစွာ တန်ဖိုးရှိသည့် မြန်မာ့ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှ အကျိုးအမြတ်များမှာ စစ်တပ်ရန်ပုံငွေအဖြစ် ရောက်ရှိနေတာကြောင့် မြန်မာ့ကျောက်စိမ်းဝယ်ယူခြင်းများအား သပိတ်မှောက်ရန် Global Witness အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်၍ တိုက်တွန်းထားသည်။ 
• စစ်အုပ်စုက ဖမ်းဆီးထားသူများအား အမှုရုပ်သိမ်း၍ ပြန်လွှတ်ပေးရာတွင် CDM ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများနှင့် NLD ပါတီဝင်များကို ချန်လှပ်၍ ကျန်လွှတ်သင့်သူများကိုသာ ပြန်လွှတ်ရန် ဇွန်လ ၂၈ ရက်နေ့စွဲဖြင့် ညွှန်ကြားထားသည်။ 

• စစ်အုပ်စုက ရုရှားထုတ် Spunik ကာကွယ်ဆေး ကိုးသန်းဝယ်ယူမည်ဖြစ်ကာ တရုတ်နိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေးကိစ္စ ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း စစ်အုပ်စုလက်အောက်ခံ ကျန်းမာရေးဌာနမှ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်မှူး ဒေါက်တာခင်ခင်ကြီးက လူမှုကွန်ရက်တွင် ရေးသားထားသည်။ 

• မြန်မာနိုင်ငံပြန်ရန် ငြင်းဆန်ကာ CDM ပြုလုပ်နေသည့် အမေရိကန်နှင့် ဆွစ်ဇာလန်ရှိ မြန်မာသံတမန် ၁၁ ဦးဖြင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး မြန်မာသံအရာရှိတပ်ဦး ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• UNRA/NDF တပ်မှူး ဗိုလ်မှူးချုပ်ခင်ကျော်နှင့် ရဲဘော်ကိုကိုနိုင်တို့အား NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အဖြစ် အပ်နှင်းရန်နှင့် စစ်ရေးကိစ္စများ ဆွေးနွေးရန် သွားရောက်စဉ် စစ်အုပ်စုဘက်က ဖမ်းဆီးကာ စစ်ကြောရေးသို့ ပို့ထားကြောင်း အမျိုးသားကာကွယ်ရေးအင်အားစု - NDF ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ရေးသားထားသည်။ ဗိုလ်မှူးချုပ်ခင်ကျော်မှာ ယခင်က မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF မှ ခွဲထွက်သွားသူ ဖြစ်သည်။ 

• RSAS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ - PPST ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် အဖွဲ့အား စာပေးပို့ထားပြီး ယခင် KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူတူစေးဖိုး နုတ်ထွက်သွားသည့်အတွက် ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူဖြစ်ကာ PPST အား NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ဖြင့်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ 

ဇွန် ၃၀ သုံးသပ်ချက်

• ရန်ကုန်တွင် လူထုပြောက်ကျားသပိတ်များ ဆက်ရှိနေကာ စစ်အုပ်စုသတင်းပေး ရှင်းလင်းမှုများလည်း ဆက်တိုက် ရှိလာ နေသည်။ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသားများ လွှတ်ပေးမည်ဟုသည့် သတင်းကြောင့် သွားရောက်စောင့် ဆိုင်းသူ များပြားလျက်ရှိသော်လည်း ညနေ ၅ နာရီခွဲခန့်အထိ လွှတ်ပေးခြင်း မရှိသေးပေ။ 

• မန္တလေးတွင် လမ်းပေါ်တက် လူထုသပိတ်များ ဆက်ရှိနေကာ စစ်အုပ်စုဘက်ကလည်း လုံခြုံရေးတင်းကြပ်မှုများ ဆက်လုပ် နေဆဲဖြစ်ပြီး ယမန်နေ့ညပိုင်းကမူ လူထုသပိတ်များ မရှိသည့် မြို့နယ်အချို့တွင်လည်း ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ သည်။ 

• ချင်းပြည်နယ် ဖလမ်းနှင့် ဟားခါးတွင် ဒေသခံ ကာကွယ်ရေးတပ် - PDF/CNDFများနှင့် စစ်အုပ်စုအကြား ပစ်ခတ်တိုက်ခိုက်မှုများ ပြန်ရှိလာနေကာ စစ်အုပ်စုဘက်က သေဆုံးသူအများအပြားရှိကာ ကာကွယ်ရေးတပ်များဘက်ကလည်း ကျဆုံးမှုအချို့ ရှိခဲ့သည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များတွင် လူထုသပိတ်များ ဆက်ရှိနေဆဲဖြစ်ကာ ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသည့်အတွက် အချို့သပိတ်စစ်ကြောင်းများ မထွက်နိုင်ဘဲ ရှိနေသည်။ မြို့ကြီးအချို့တွင် စစ်အုပ်စု သတင်းပေးဒလန်ရှင်းလင်းမှုများ ခပ်စိတ်စိတ် ဖြစ်ပေါ်လာနေကာ စစ်အုပ်စုဘက်ကလည်း ၎င်းတို့ ခန့်ထားသည့် အုပ်ချုပ် ရေးမှူးများထံမှ သတင်းအချက်အလက်ရယူကာ ဝင်ရောက်စီးနင်းမှုများ ဆက်တိုက်ပြုလုပ်နေခဲ့သည်။ 

• စစ်အုပ်စုဘက်က ကိုဗစ်ကူးစက်မှု မြင့်မားနေမှုအား ထိန်းချုပ်ရန်အတွက် ၎င်းအား ထောက်ခံသည့် ရုရှားနှင့် တရုတ်တို့မှ ဆေးဝါးများ ဝယ်ယူရန်ပြင်ဆင်နေသည်။ ထို့ပြင် ပြည်တွင်းမီဒီယာများအား ဖိနှိပ်မှုအပြီးတွင် ပြည်တွင်းအခြေစိုက် ပြည်ပ မီဒီယာများအား ဆက်လက်ဖိအားပေးရန် စစ်အုပ်စု ပြန်ကြားရေးဌာနက ဖိအားပေးလာနေသည်။ နိုင်ငံတကာ ဖိအားများနေ သည့်အတွက် ဖမ်းဆီးထားသူအချို့အား ပြန်လွှတ်ပေးရန် စစ်အုပ်စုက ပြင်ဆင်ထားပြီး ယင်းပြန်လွှတ်ပေးမည့်သူများထဲတွင် NLD အစိုးရလက်ထက်က ပြစ်မှုမျိုးစုံဖြင့် ထောင်ဒဏ်ကျခံ၊ တရားစွဲဆိုခံထားရသည့် စစ်အုပ်စုထောက်ခံသူများလည်း ပါဝင်လာမည် ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly