ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုဘုန်းထက်နောင် ပြန်လည်လွတ်မြောက်လာ

ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုဘုန်းထက်နောင် ပြန်လည်လွတ်မြောက်လာ

ဇွန် ၃၀

မတရားဖမ်းဆီးခံ ရန်ကုန်တက္ကသိုလ်ကျောင်းသားတဦးဖြစ်သူ ကိုဘုန်းထက်နောင်သည် အင်းစိန်ထောင်မှ ယနေ့ဇွန်လ ၃၀ ရက်နေ့ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။ 

အာဏာသိမ်းစစ်အုပ်စုက အကျဉ်းထောင်များမှ ဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသား ၂၃၄၂ ဦးအား ဒီကနေ့ဇွန်လ ၃၀ ရက်တွင် လွှတ်ပေးခဲ့ရာမှာ ကိုဘုန်းထက်နောင် ပါဝင်ဝင်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုဘုန်းထက်နောင် သည် မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့၊ တာမွေစစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုတွင် ဖမ်းဆီးခြင်းကို ခံရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံခဲ့ရသည်။ 

ဖမ်းဆီးခံရပြီး အင်းစိန်ထောင်ကို စတင်ရောက်ရှိခဲ့တဲ့ တပတ်အတွင်းမှာပင် ကိုဘုန်းထက်နောင်၊ ကိုအောင်ဖုန်းမော်၊ ကိုဝေယံဖြိုးမိုးနဲ့ ကိုသုတစိုးတို့ကို စစ်ကြောရေးပို့ပြီး ၃၊ ၄ ရက်ကြာ ညှင်းပန်းနှိပ်စက်ခံခဲ့ရပါသည်။  

ဖမ်းဆီးခံရပြီး ၂ လအကြာတွင် ကိုဘုန်းထက်နောင်၊ ကိုအောင်ဖုန်းမော်၊ ကိုလေပြေစိုးမိုး၊ ကိုဝေယံဖြိုးမိုး၊ ကိုဇော်ထက်နိုင်၊ ကိုသုတစိုးတို့ကို ထောင်အာဏာပိုင်တွေက တနေရာစီခွဲထားခဲ့ခြင်းဖြစ်သည်။ 

ကိုလေပြေစိုးမိုးနဲ့ ကိုဇော်ထက်နိုင်တို့ကို အစာငတ်ခံဆန္ဒပြရန် ဦးဆောင်သည်ဟု စွပ်စွဲပြီး ထောင်အာဏာပိုင်တွေက ၃ ညအိပ် ၄ ရက် တိုက်ပိတ်ခဲ့ကြသည်။ ကျောင်းသားတက်ကြွလှုပ်ရှားသူများဖြစ်သည့်  ကိုအောင်ဖုန်းမော်၊ ကိုလေပြေစိုးမိုး၊ ကိုဝေယံဖြိုးမိုး၊ ကိုဇော်ထက်နိုင်၊ ကိုသုတစိုးတို့သည် ဒီကနေ့လွတ်မြောက်ခဲ့သူများတွင် မပါဝင်ခဲ့ပေ။

ကိုဘုန်းထက်နောင်သည် အင်းစိန်ထောင်တွင် ရက်ပေါင်း ၁၂၀ ကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ယခုလိုပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly