အပူလှိုင်း ကျရောက်မှုအတွင်း ကနေဒါမှာ လူ ဒါဇင်များစွာ သေဆုံး 

အပူလှိုင်း ကျရောက်မှုအတွင်း ကနေဒါမှာ လူ ဒါဇင်များစွာ သေဆုံး 
Photo - AFP

ဇွန် ၃၀ 

ကနေဒါအနောက်ပိုင်းနဲ့ အမေရိကန် ပစိဖိတ်နောက်ဝစ်ဒေသတွေမှာ ကျရောက်နေတဲ့ စံချိန်တင်အပူလှိုင်းအတွင်း ကနေဒါက ဗန်ကူးဗားနယ်မြေမှာ အနည်းဆုံး လူ ၆၉ ဦး သေဆုံးတယ်လို့ ရဲက အင်္ဂါနေ့မှာ ပြောပါတယ်။ 

ဗန်ကူးဗားရဲ့ ဘာနာဘီနဲ့ ဆာရေးဆင်ခြေဖုံးအရပ်တွေမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ အများစုက အသက်ကြီးပိုင်းနဲ့ ရောဂါအခံ ရှိသူတွေဖြစ်တယ်လို့ တော်ဝင်ကနေဒါမြင်းစီးရဲတပ်ဖွဲ့ RCMP က ပြောပါတယ်။ 

“စုံစမ်းစစ်ဆေးဆဲ ဖြစ်ပေမယ့် သေဆုံးသူ အများစုမှာ အပူကြောင့် သေဆုံးရတဲ့ အကြောင်းရင်းခံ ဖြစ်မယ်လို့ ယူဆရပါတယ်”လို့ RCMP ရဲတပ်ကြပ် မိုက်ကယ်ကလန့်က ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ 

ရာသီဥတုပြောင်းလဲမှုကြောင့် စံချိန်တင် အပူချိန်မြင့်မားမှုတွေဟာ ပိုပြီး မကြာခဏ ဖြစ်ပေါ်လာနေပါတယ်။ ကမ္ဘာလုံးဆိုင်ရာအနေနဲ့ ၂၀၁၉ အထိ ဆယ်စုနှစ်မှာ အပူဆုံး စံချိန်တင်ပြီး ကုန်လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာလည်း ငါးနှစ်တာ အပူဆုံး ဖြစ်ခဲ့ပါတယ်။ 

အမေရိကန်၊ အော်ရီဂွန်ပြည်နယ်ကနေ ကနေဒါ၊ အာတိတ်ပိုင်နက်ဒေသအထိ မြင့်မားတဲ့ အပူချိန်ဟာ အဲဒီ ဒေသမှာ ပူနွေးတဲ့ လေထု စီးဆင်းမှုကြောင့်လို့ ဆိုကြပါတယ်။ 

ကနေဒါရဲ့ အချိန်တိုင်း စံချိန်သစ် အပူချိန်အဖြစ် တနင်္လာနေ့မှာ ဗန်ကူးဗားအရှေ့ဖက် ၁၅၅ မိုင်အကွာက ဗြိတိသျှကိုလံဘီယာဒေသမှာ ၁၁၈ ဒီဂရီဖာရင်ဟိုက်(၄၇ ဒသမ ၉ ဒီဂရီဆဲလ်စီးရပ်စ်)အထိ စံချိန်တင်ခဲ့ပါတယ်။ 

အင်္ဂါနေ့မှာလည်း အပူချိန် စံချိန်တင်ဦးမှာဖြစ်ပြီး ကနေဒါအနောက်ပိုင်းမှာ ၁၂၀ ဖာရင်ဟိုက်အထိ မြင့်တက်မယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပတယ်။ 

အော်ရီဂွန်ပြည်နယ်ရဲ့ ပေါ့တလန်မြို့တော်၊ ဝါရှင်တန်က ဆီယက်တယ်မြို့တွေမှာ အပူချိန်ဟာ ၁၉၄၀ ခုနှစ်တွေက စံချိန်စမှတ်တဲ့ အချိန်ကစလို့ မမြင်ဘူးတဲ့ အဆင့်အထိ ရောက်ရှိပြီး ပေါ့တလန်မှာ ၁၅၅ ဒီဂရီဖာရင်ဟိုက်နဲ့ ဆီယက်တယ်မှာ ၁၀၈ ဒီဂရီဖာရင်ဟိုက်အထိ အပူချိန်မြင့်တက်နေကြောင်း အမေရိကန် အမျိုးသား ရာသီဥတုဌာနအရ သိရပါတယ်။ 

ကနေဒါနိုင်ငံက ဗြိတိသျှကိုလံဘီယာ၊ အယ်ဘတတာနဲ့ နောက်ဝစ်နယ်မြေဒေသတွေမှာ ရှည်ကြာပြီး အန္တရာယ်ရှိတဲ့ သမိုင်းတွင် အပူလှိုင်းဟာ ဒီ သီတင်းပတ်တစ်လျှောက်လုံး ဆက်လက်ဖြစ်ပေါ်နေမယ်လို့ Environment Canada အဖွဲ့က သတိပေးချက် ထုတ်ပြန်ပါတယ်။ 

အမေရိကန် အမျိုးသား ရာသီဥတုဌာနကလည်း အလားတူ သတိပေးချက် ထုတ်ပြီး ပြည်သူတွေအနေနဲ့ လေအေးပေးစက်ပါ အဆောက်အအုံတွေထဲမှာ နေကြဖို့၊ ပင်ပန်းတဲ့ အပြင်ထွက် လှုပ်ရှားရတာတွေကို ရှောင်ဖို့၊ ရေများများ သောက်ဖို့နဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေကို ကြည့်ရှုဖို့ တိုက်တွန်းထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly