ယူကရိန်းကို အနောက်အုပ်စုခေါင်းဆောင်တွေက ထိန်းချုပ်ထားလို့ ပူတင် ပြော 

ယူကရိန်းကို အနောက်အုပ်စုခေါင်းဆောင်တွေက ထိန်းချုပ်ထားလို့ ပူတင် ပြော 
Photo - AFP

ဇွန် ၃၀

ယူကရိန်းခေါင်းဆောင် ဗိုလိုဒိုင်မိုင်းယားဇယ်လန်စကီးနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အပေါ် ရုရှသမ္မတ ဗလာဒီမာပူတင်က ဇယ်လန်စကီးရဲ့ ယူကရိန်းနိုင်ငံဟာ အမေရိကန်နဲ့ ဥရောပခေါင်းဆောင်တွေရဲ့ လက်တွေ့ကျကျ မောင်းနှင်တာ ခံနေရတဲ့ နိုင်ငံပဲဖြစ်တယ်လို့ အတိအလင်း ပြောဆိုပါတယ်။ 

“ဇယ်လန်စကီးဟာ သူ့ နိုင်ငံကို ပြင်ပက စီမံခန့်ခွဲမှုအောက် အပြည့်အဝ ထိန်းချုပ်ခံခိုင်းနေတဲ့အချိန်မှာ သူ့နဲ့ တွေ့ဆုံရေးက ဘာများ အသုံးဝင်မှာလဲ”ဆိုပြီး ပူတင်က ဆိုပါတယ်။ 

အဓိက ဆုံးဖြတ်ချက်တွေကို အမေရိကန်၊ ဂျာမနီနဲ့ ပြင်သစ်အပြင် အနောက်ခေါင်းဆောင်တွေက ချမှတ်နေတာပဲဖြစ်တယ်လို့ ရုရှပြည်သူတွေနဲ့ နှစ်ပတ်လည် ရုပ်သံဖုန်းခေါ်ဆိုမှုမှာ ပူတင်က ပြောတာ ဖြစ်ပါတယ်။ 

“ကျွန်တော် ဇယ်လန်စကီးနဲ့ တွေ့ဆုံဖို့ကို ငြင်းနေတာ မဟုတ်ဘူး၊ ဘာတွေ ဆွေးနွေးမလဲဆိုတာကို နားလည်ဖို့ကပဲ မရှိမဖြစ် အရေးကြီးတယ်”လို့ သူက ပြောပါတယ်။ 

ယူကရိန်းနိုင်ငံဟာ ၂၀၁၄ ခုနှစ်ကစပြီး ရုရှလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ 

ပြီးခဲ့တဲ့နှစ်က တိုက်ပွဲတွေ ခေတ္တစဲသွားပြီးနောက် ၂၀၂၁ အစမှာ ထိပ်တိုက်တွေ့မှုတွေ ပြန်လည်အရှိန်မြင့်လာခဲ့ပါတယ်။ 

ဧပြီလအတွင်းမှာ ရုရှဟာ ယူကရိန်းနယ်စပ်နားနဲ့ ခရိုင်းမီးယားဒေသတွေဆီ တပ်ဖွဲ့ဝင် ၁၀၀၀၀၀ ကျော်ထက်မနည်း စေလွှတ်ခဲ့ပြီး ဇယ်လန်စကီးဟာ ယူကရိန်းအရှေ့ပိုင်းမှာ တွေ့ဆုံဖို့ ပူတင်ကို ဖိတ်ကြားခဲ့ပါတယ်။ 

ဒီ ကမ်းလှမ်းချက်ကို ပူတင်က ပယ်ချပြီး အဲဒီအစား ယူကရိန်းခေါင်းဆောင်ကို မော်စကိုမှာ ဘယ်အချိန်မဆို တွေ့ဆုံဖို့ ကြိုဆိုနေကြောင်း ပြောဆိုခဲ့ပါတယ်။ 

ဒီနောက်မှာတော့ တပ်တွေကို ပြန်ရုပ်သိမ်းကြောင်း ရုရှက ကြေညာပေမယ့် အမေရိကန်နဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးက အဲဒီ တပ်ရုပ်မှုဟာ အကန့်အသတ်နဲ့ပဲ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ 

ယူကရိန်းခေါင်းဆောင်ပိုင်းကို ဖော်ရွေမှု မရှိဘူးလို့ ပူတင်က ဗုဒ္ဓဟူးနေ့မှာ ရည်ညွှန်းပြောဆိုပေမယ့် ရုရှတွေနဲ့ ယူကရိန်းတွေကတော့ ရင်းနှီးမှုရှိကြတယ်လို့ ပြောပါတယ်။ 

“ကျွန်တော်တို့ဟာ တစ်စိတ်တည်း တစ်ဝမ်းတည်းပါ”ဆိုပြီး ပူတင်က ပြောခဲ့ပါတယ်။ 

ယူကရိန်းခေါင်းဆောင် ဇယ်လန်စကီးကတော့ အဆိုပြုထားတဲ့ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးရေးကို ရုရှဖက်က နှောင့်နှေးအောင် လုပ်ဆောင်နေတယ်ဆိုပြီး ဒီလအစောပိုင်းမှာ စွပ်စွဲပြောဆိုပါတယ်။ 

နိုင်ငံအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းရဲ့ ပဋိပက္ခဟာ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှ သိမ်းယူခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်ဖြစ်ပွားပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required