လွတ်မြောက်လာမည့်သူများကို မိသားစုဝင်တွေ ဇွဲကောင်းကောင်းဖြင့်စောင့်နေ

လွတ်မြောက်လာမည့်သူများကို မိသားစုဝင်တွေ ဇွဲကောင်းကောင်းဖြင့်စောင့်နေ

ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးမည်ဆိုသော သတင်းကြောင့် အကျဉ်းထောင်ရှေ့တွင် မိသားစုဝင်များ ဇွဲကောင်းကောင်းဖြင့် စောင့်ဆိုင်းလျက်ရှိသည်။ 

သို့သော်ညနေပိုင်း ၅ နာရီဝန်းကျင်အချိန်ထိ လွတ်မြောက်လာသူမရှိသေးကြောင်း အကျဉ်းထောင်ရှေ့မိုးရေထဲတွင် စောင့်နေသူ ဒေသခံတစ်ဦးက မဇ္စျိမကိုပြောသည်။ 

“ ခုကတော့မလွှတ်သေးဘူးဗျ၊ ပထမ ဒီအကျဉ်းဦးစီးဌာနက သတင်းကြားရတာ၊ ၄ နာရီခွဲလောက်မှာ ပြန်လွှတ်မယ်လို့ ပြောတယ်၊ ခု ၆နာရီကျော် ၇နာရီလောက်မှ လွှတ်ပေးမယ်ဆိုပြီးတော့ သတင်းထပ်ကြားရတယ်၊ စောင့်နေတုန်းဗျို့ “ ဟုသူကပြောသည်။ 

ကျေးရွာကနေ မြို့ပေါ်ကို တက်လာပြီး စောင့်ဆိုင်းနေရသူတစ်ဦးကလဲ အခုလိုပြောသည်။ 

“ မိန်းမဘက်က တူလေးတစ်ယောကိုစောင့်နေတာပါ၊ ချစ်ရဲနိုင်(ခ) ချစ်ရဲ ၊ မနက် ၉ နာရီထဲကလာစောင့်နေတာ၊ တူလေးကတော့ ၅၀၅(က) နဲ့ ပါ၊ သူလွတ်မယ့်စာရင်းထဲပါလားတော့မသိပါဘူးဟု “ ဦးလေးဖြစ်သူ ကိုအောင်နိုင်ကပြောသည်။ 

ချစ်ရဲနိုင်(ခ) ချစ်ရဲ ကို မေလ၂၉ ရက် ၊ မအူပင်မြိုနယ်၊ ၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်ရွာနေအိမ်တွင် စစ်ကားနှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ 

 မအူပင်မြို့နယ်အကျဉ်းထောင်တွင် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း ၈၀ ခန့်ရှိသည်ဟုသိရသည်။ အဆိုပါအကျဉ်းသားများထဲမှ ၃၀ ခန့်ပြန်လည်လွတ်မြောက်ဖို့ရှိကြောင်း သတင်းထွက်ပေါ်နေသည်ဟု ဒေသခံကဆိုသည်။ 

မိသားစုဝင်များစောင့်ဆိုင်းနေသည့် အကျဉ်းထောင်ရှေ့တွင် စစ်ကားတစ်စီးနှင့် ရဲကားတစ်စီး လှည့်ပတ်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly