အတိမ်းအစောင်းမခံတဲ့ ကိုဗစ်-၁၉ ဖြစ်ရပ်ကြောင့် မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတွေကို ရာထူးဖယ်ရှား 

အတိမ်းအစောင်းမခံတဲ့ ကိုဗစ်-၁၉ ဖြစ်ရပ်ကြောင့် မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတွေကို ရာထူးဖယ်ရှား 
Photo - AFP

ဇွန် ၃၀

‘အတိမ်းအစောင်းမခံတဲ့’ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ရပ်အပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ဟာ အကြီးတန်းတာဝန်ရှိသူအချို့ကို ဖယ်ရှားပြီး အစားထိုးခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းကနေ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လာတာကြောင့် နိုင်ငံရဲ့ ကပ်ဘေးကာကွယ်မှုမှာ ကျိုးပေါက်တဲ့ လက္ခဏာကို ပြသလျက် ရှိနေပါတယ်။ 

မြောက်ကိုရီးယားဟာ အိမ်နီးချင်း တရုတ်မှာ ပထမဆုံး စတင်ဖြစ်ပေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကိုယ်တိုင်ကာကွယ်ဖို့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကစလို့ နယ်စပ်တွေကို ပိတ်ထားခဲ့တာပါ။ 

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နိုင်ငံပိုင်မီဒီယာကဖြစ်စေ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးထံ တင်ပြရတဲ့ စမ်းသပ်စာရင်းဇယားတွေမှာဖြစ်စေ ဘယ်နေရာမဆိုက ဗိုင်းရပ်စ် ကူးစက်မှုနဲ့ ပတ်သက်လို့ တရားဝင်အတည်ပြုထားတာလည်း မရှိပါဘူး။ 

ဒါပေမဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည် စီမံကိန်းတွေကြောင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ သီးခြား မြောက်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိထားပြီးပြီလို့ နောက်ဆုံး ဖြစ်ရပ်ဖြစ်စဉ်တွေက ရှင်းရှင်းလင်းလင်း ပြသနေတယ်လို့ အကဲဖြတ်တွေက ပြောကြပါတယ်။ 

တာဝန်ရှိသူတွေဟာ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ပေါ့ဆပြီး အဲဒါကြောင့် ‘အတိမ်းအစောင်းမခံတဲ့ ဖြစ်ရပ်’ ဖြစ်ပွားခဲ့ရကာ နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပြည်သူတွေ ဘေးကင်းရေးမှာ ကြီးစွာသော အကျပ်အတည်းကို ဖန်တီးဖြစ်ပေါ်စေပြီး စိုးရိမ်ဖွယ် အကျိုးဆက် ပေါ်ပေါက်ခဲ့ရတယ်လို့ ပေါ်လစ်ဗျူရိုအစည်းအဝေးတစ်ရပ်မှာ ကင်ဂျုံးအွန်က ပြောကြောင်း နိုင်ငံပိုင် KCNA သတင်းအရ သိရပါတယ်။ 

ဘယ်လို ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့သလဲဆိုတာကိုတော့ KCNA သတင်းက အသေးစိတ် မဖော်ပြပါ။ 

ဒါပေမဲ့ အခု ရာထူးဖယ်ရှားခံရတဲ့ တာဝန်ရှိသူတွေရဲ့ စွမ်းဆောင်ရည်ချို့တဲ့မှုနဲ့ တာဝန်မဲ့တာတွေကြောင့် အရေးကြီးတဲ့ လုပ်ငန်းအတွက် အနှောင့်အယှက် ကြုံရတယ်လို့ ကင်ဂျုံးအွန်က ပြောဆိုပြီး သူတို့တွေဟာ ‘ကိုယ့်ကိုကိုပဲ ကြည့်ကြသူတွေ’ ဖြစ်တယ်လို့ စွပ်စွဲပြောဆိုပါတယ်။ 

နိုင်ငံပိုင်ရုပ်သံ KCNA က ပြသတဲ့ ဗီဒီယိုမှာ ဗဟိုကော်မတီ အဆောက်အအုံအတွင်း တာဝန်ရှိသူတွေ တစ်စီတစ်တန်း ဝင်ရောက်လာပုံနဲ့ ကင်ဂျုံးအွန်ဟာ အစည်းအဝေးမှာ မိန့်ခွန်းပြောချိန် စိတ်ဆိုးမာန်ဆိုးနဲ့ လက်ညိုးထိုး ပြောဆိုပုံကို မြင်တွေ့ရပါတယ်။ 

ပြောဟောကြသူတွေထဲမှာ ကင်ဂျုံးအွန်ရဲ့ ညီမဖြစ်ပြီး အဓိကအကြံပေးလည်းဖြစ်တဲ့ ကင်ယိုဂျုံးလည်း ပါဝင်ပါတယ်။ 

ဆင်းရဲတဲ့ မြောက်ကိုရီးယားမှာ ပြိုလဲလုနီးနီး ကျန်းမာရေးစနစ်နဲ့ ဆေးဝါးအထောက်အပံ့ ချို့ငဲ့မှုကြောင့် ကိုဗစ်-၁၉ အဓိက ကူးစက်မှုကို ကိုင်တွယ်နိုင်ဖို့အရေးမှာ မနည်းရုန်းကန်ရမယ့် အခြေအနေမှာ ရှိနေတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly