ကိုဗစ်ဖြစ်ပွားမှု မြင့်တက်နေတဲ့ကြားက ဖူးခက်ကမ်းခြေ ပြန်ဖွင့်ရန် ထိုင်း ပြင်ဆင် 

ကိုဗစ်ဖြစ်ပွားမှု မြင့်တက်နေတဲ့ကြားက ဖူးခက်ကမ်းခြေ ပြန်ဖွင့်ရန် ထိုင်း ပြင်ဆင် 
Photo - AFP

ဇွန် ၃၀

အားလပ်ရက် အပန်းဖြေရာ ဖူးခက်ကမ်းခြေဆီ ကမ္ဘာလှည့်ခရီးသွားတွေ ကွာရန်တင်းမဝင်ရဘဲ လာရောက်နိုင်ရေး ပြန်လည်ဖွင့်လှစ်တော့ဖို့အတွက် ထိုင်းနိုင်ငံဟာ ဗုဒ္ဓဟူးနေ့မှာ ပြင်ဆင်ပြီဖြစ်ပါတယ်။ 

နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် တစ်ရက်တည်း သေဆုံးနှုန်း အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ထားရတဲ့ကြားကပဲ ခုလို ဖူးခက်ကမ်းခြေကို ပြန်လည်ဖွင့်လှစ်ဖို့ အာဏာပိုင်တွေက ပြင်ဆင်လာတာပါ။ 

ထိုင်းနိုင်ငံမှာ ယိုယွင်းလာနေပြီဖြစ်တဲ့ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာဖို့အတွက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသား ကမ္ဘာလှည့်ခရီးသည်တွေကို ကွာရန်တင်း မဝင်ရစေဘဲ ခွင့်ပြုပေးမယ့် ‘Phuket sandbox’ ဆိုတဲ့ အစီအစဉ်အပေါ် မျှော်လင့်ချက်များစွာ ထားလျက်ရှိတာပါ။ 

ဒါပေမဲ့ ဇူလိုင် ၁ ရက်မှာ စတင်မယ့် ဖူးခက်ကမ်းခြေ ပြန်ဖွင့်မယ့် အဲဒီအစီအစဉ်ဟာ အစိုးရက အတည်ပြုဖို့ နှေးဖင့်တာနဲ့အတူ မရေမရာ အခြေအနေ ကြုံကြိုက်လျက် ရှိနေပါတယ်။ 

ထိုင်းနိုင်ငံမှာ Alpha နဲ့ Delta ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေ ပြန့်နှံ့ကူးစက်တာနဲ့အတူ ဗိုင်းရပ်စ်တတိယလှိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် မြို့တော် ဘန်ကောက်နဲ့ ဆင်ခြေဖုံးအရပ်တွေမှာ ကန့်သတ်စည်းမျဉ်းတွေ ချမှတ်ပြဋ္ဌာန်းပြီး ကြိုးပမ်းလျက် ရှိနေရပါတယ်။ 

ဗုဒ္ဓဟူးနေ့မှာ ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံအတွက် တစ်ရက်တာ အများဆုံး ကိုဗစ်ကြောင့် သေဆုံးနှုန်းအဖြစ် လူ ၅၃ ဦး သေဆုံးခဲ့ပါတယ်။ 

ဒါပေမဲ့ Phuket sandbox အစီအစဉ်ကို စီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အာဏာပိုင်တွေကတော့ ပြောကြပါတယ်။ ကြာသပတေးနေ့မှာ လေယာဉ်လေးစင်းနဲ့ ခရီးသည် ၂၅၀ ခန့် ဖူးခက်ကျွန်းဆီ ရောက်လာဖို့ရှိတယ်လို့ ကိုဗစ်လုပ်ငန်းစဉ်အဖွဲ့ ပြောခွင့်ရသူ တာဝီဆင်ဗီဆာနုယိုသင်းက ပြောပါတယ် 

ကမ္ဘာ့လှည့်ခရီးသွားတွေ ပြန်လည်ရောက်ရှိလာတာဟာ စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေအတွက် ပြန်လည်ရုန်းထခွင့် ရရှိလာစေမှာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ ပုံမှန်အားဖြင့် နှစ်စဉ် ခရီးသည်ဦးရေ သန်း ၄၀ နီးပါး လာရောက်လေ့ရှိပြီး ခရီးသွားလုပ်ငန်းကဏ္ဍဟာ နိုင်ငံရဲ့ GDP ရဲ့ ၁၈ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ 

ဒါပေမဲ့ ဖူးခက်ရဲ့ သစ်လွင်လှပတဲ့ သဲသောင်ကမ်းခြေတွေဟာ မကြုံဖူးလောက်အောင် တိတ်ဆိတ်ခြောက်ကပ်သွားခဲ့တာ တစ်နှစ်ကျော်မက ရှိနေပြီး ဟိုတယ် ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီကမ်းခြေ ပြန်ဖွင့်နိုင်ရေးအတွက် ပြင်ဆင်ရာမှာ ဖူးခက်က လူဦးရေရဲ့ သုံးပုံနှစ်ပုံကိုလည်း ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly