တရုတ်ကို ကြည့်ရင်း အိန္ဒိယက နယ်စပ်သို့ ထပ်တိုးတပ်ဖွဲ့၀င် ၅ သောင်း ရွှေ့ပြောင်းပို့ဆောင်ထား

By Zee News
30 June 2021
တရုတ်ကို ကြည့်ရင်း အိန္ဒိယက နယ်စပ်သို့ ထပ်တိုးတပ်ဖွဲ့၀င် ၅ သောင်း ရွှေ့ပြောင်းပို့ဆောင်ထား

အိန္ဒိယအစိုးရသည် သမိုင်း၀င် လုပ်ဆောင်ချက်တစ်ခုအဖြစ် တရုတ်နှင့်အကြား ယင်း၏ နယ်စပ်သို့ ထပ်တိုး တပ်ဖွဲ့၀င် အင်အား ၅၀,၀၀၀ နီးပါး ပြောင်းရွှေ့ပို့ဆောင်ထားသည်။ အဆိုပါ နျူကလီးယားလက်နက်ပိုင် နှစ်နိုင်ငံသည် ဂယ်လ်၀မ်တောင်ကြားနှင့် လာဒက်ရှ်အရှေ့ပိုင်းတို့တွင် နှစ်ဘက်အကြား ထိပ်တိုက်တွေ့ပဋိပက္ခများ ဖြစ်ခဲ့ပြီးနောက် တင်းမာမှုများ ဆက်ရှိနေသည်။

နာရင်ဒြာ မိုဒီ ဦးဆောင်သော အိန္ဒိယဗဟိုအစိုးရသည် မကြာသေးသည့် လများအတွင်း တရုတ်နှင့်အကြား ယင်း၏ နယ်စပ်တစ်လျှောက်ရှိ မတူညီသော ဧရိယာသုံးခုတွင် တပ်ဖွဲ့၀င်များနှင့် တိုက်လေယာဥ်အုပ်များ ရွှေ့ပြောင်းချထားသည်ဟု Bloomberg သတင်းတစ်ပုဒ်က ဖော်ပြသည်။

လက်ရှိအချိန်တွင် အိန္ဒိယသည် နယ်စပ်တွင် စစ်သည်တပ်ဖွဲ့၀င် ၂၀၀,၀၀၀ ခန့်အထိ တပ်ဖြန့်ချထားပြီး ဖြစ်ပြီး ယင်းသည် ယမန်နှစ်ကထက် ၄၀ ရာခိုင်နှုန်းကျော် တိုးမြင့်လာခြင်း ဖြစ်သည်။

အိန္ဒိယနှင့် တရုတ်သည် ၁၉၆၂ ခုနှစ်က စစ်ပွဲတစ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း အိန္ဒိယ၏ မဟာ‌ဗျူဟာ အာရုံစိုက်မှုသည် ပါကစ္စတန်အပေါ် အဓိက ထားရှိခဲ့ပြီး အဆိုပါ ကာလကြာရှည် ရန်ဘက်များသည် အငြင်းပွား ကက်ရှ်မီးယား ဒေသနှင့်ပတ်သက်ပြီး စစ်ပွဲသုံးကြိမ် တိုက်ခဲ့ကြသည်။

သို့ရာတွင် ယမန်နှစ်က အိန္ဒိယနှင့် တရုတ်အကြား လာဒက်ရှ်ဒေသ အရှေ့ပိုင်းတွင် လူသေဆုံးစေသည့် လိပ်ခဲတည်းလည်းအခြေအနေတစ်ရပ် ဖြစ်ပေါ်ခဲ့ပြီးနောက်တွင် မိုဒီ အစိုးရသည် အစ္စလမ်မာဘတ်၊ ပေကျင်းတို့နှင့်အကြား တင်းမာမှုများ ပြေလျော့စေရန် လုပ်ဆောင်ချက်တစ်ချို့ လုပ်ဆောင်ထားခဲ့သလို တစ်ချိန်တည်းမှာပင် စစ်တပ်ကိုလည်း ရှေ့ကာလထဲတွင် နောက်ဆုံး ဖြစ်လာနိုင်ဖွယ် မည်သည့် အခြေအနေမျိုးအတွက်မဆို အသင့်ရှိနေစေရန် တိုက်တွန်းထားခဲ့သည်။

ယခင်ကာလများအတွင်းက နယ်စပ်တစ်လျှောက် အိန္ဒိယ၏ စစ်တပ် တပ်ချထားမှုသည် တရုတ်၏ လှုပ်ရှားမှုများကို တန်ပြန်ပိတ်ဆို့ရန် ရည်ရွယ်ခဲ့သော်လည်း ယခုကဲ့သို့ စစ်သည်တပ်ဖွဲ့၀င်များ ထပ်တိုးတပ်ဖြန့်ခြင်းက အိန္ဒိယစစ်တပ်အတွက် "တိုက်စစ်ကို ချက်ချင်းပြောင်းနိုင်သည့် ခံစစ်" ဟု သိကြသော မဟာဗျူဟာတစ်ရပ်အရ အကယ်၍ လိုအပ်ပါက တရုတ်ရှိ နယ်မြေများကို တိုက်ခိုက်၊ သိမ်းယူနိုင်ရန် ရွေးချယ်စရာ နည်းလမ်းများ ရရှိစေဖွယ် ရှိကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး သတင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နယ်စပ်တစ်လျှောက် အစိုးရက တပ်ဖွဲ့၀င်များ ထပ်တိုးဖြန့်ကျက်မှုတွင် BAE Systems Inc က ထုတ်လုပ်သည့် M777 ပြောင်းတိုအမြှောက်များကဲ့သို့ အမြှောက်လက်နက်ပစ္စည်းများနှင့်အတူ စစ်သားများကို ကက်ရှ်မီးယား တောင်ကြားမှ မြင့်မားသော အရပ်ဧရိယာဇုန်များသို့ သယ်ယူပို့ဆောင်မည့် ရဟတ်ယာဥ်များလည်း ပါ၀င်နေသည်။

တရုတ်အနေဖြင့်လည်း အိန္ဒိယနယ်စပ်အနီး တပ်ဖွဲ့၀င်အင်အား မည်မျှ တပ်ဖြန့်ထားသလဲ ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသော်လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် မကြာသေးခင်က တိဘတ်မှ ထပ်တိုး တပ်ဖွဲ့များကို ရှင်ကျန်းစစ်တိုင်းသို့ ရွှေ့ပြောင်းထားကြောင်း သတင်းများ ပေါ်ထွက်ခဲ့သည်။ ရှင်ကျန်း စစ်တိုင်းသည် ဟိမ၀န္တာတစ်လျှောက် အငြင်းပွားဧရိယာများကို ကင်းလှည့်စောင့်ကြပ်ရန် တာ၀န်ရှိသည်။

အလားတူ တရုတ်သည် တိဘတ်ရှိ အငြင်းပွား နယ်စပ်တစ်လျှောက် လေယာဥ်ပြေးလမ်း အဆောက်အအုံသစ်များ၊ တိုက်လေယာဥ်များကို ထားရှိမည့် ဗုံးဒဏ်ခံနိုင်သည့် ဘန်ကာများနှင့် လေယာဥ်ကွင်းသစ်များကို တိုးချဲ့တည်ဆောက်နေကြောင်း သတင်းဖော်ပြချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ပေကျင်းသည် မကြာသေးသည့် လများအတွင်း တာဝေးပစ် အမြှောက်များ၊ တင့်ကားများ၊ ဒုံးတပ်ဖွဲ့များနှင့် အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဥ်များကိုလည်း ထပ်တိုးချထားကြောင်း ယင်းက ဖော်ပြခဲ့သည်။

တရုတ်နှင့် အိန္ဒိယတို့သည် တပ်ဖွဲ့၀င်များ ပြောင်းရွှေ့တပ်ဖြန့်ခြင်းနှင့်ပတ်သက်ပြီး တရား၀င် မှတ်ချက်စကား ပြောဆိုခဲ့ခြင်း မရှိသော်လည်း နှစ်ဘက်အကြား တွက်ကိန်းမှားမှုတစ်ခုကနေ ယုတ်စွအဆုံး လူသေဆုံးစေသော ပဋိပက္ခတစ်ခုဆီ ဦးတည်သွားနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်ထားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required