တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်စဉ်များသည် တရား၀င်မှတ်တမ်းများထက် ပိုမိုစောစီးစွာ ကူးစက်ပျံ့နှံ့ခဲ့ဟု လေ့လာချက်သစ်တွင် ဖော်ပြ

တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်စဉ်များသည် တရား၀င်မှတ်တမ်းများထက် ပိုမိုစောစီးစွာ ကူးစက်ပျံ့နှံ့ခဲ့ဟု လေ့လာချက်သစ်တွင် ဖော်ပြ

ကိုဗစ်-၁၉ ၏ မူလဇစ်မြစ်ကို ရှာဖွေရန် တောင်းဆိုမှုများ ထပ်မံပေါ်ထွက်နေစဉ် အသစ်လုပ်ဆောင်ခဲ့သည့် လေ့လာချက်သစ်တစ်ခုအရ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ၏ ပထမဆုံးဖြစ်စဉ်များသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလနှင့် နို၀င်ဘာလလယ်အကြားတွင် ပေါ်ထွက်ခဲ့နိုင်ကြောင်းကို ပြသနေပြီး ယင်းသည် တရုတ်အာဏာပိုင်တို့၏ တရား၀င်ထုတ်ပြန်ထားသည့် မှတ်တမ်းများက ညွှန်ပြထားသည့် အချိန်ကာလထက် ပိုစောနေသည်။

Deutsche Welle (DW) သတင်းဌာနက ကိုးကားဖော်ပြခဲ့သည့် လေ့လာချက်တစ်ရပ်အရ ကိုဗစ်-၁၉ ၏ ပထမဆုံး ကူးစက်မှု ဖြစ်စဉ်များသည် တရား၀င်မှတ်တမ်းတင်ထားသည်ထက် နှစ်လခန့် ပိုစောပြီး ဖြစ်ပွားထားခဲ့နိုင်ကြောင်း ပြသနေသည်။

SARS-CoV-2 သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလအစောပိုင်းနှင့် နို၀င်ဘာလလယ်အကြား ပထမဆုံး ပေါ်ထွက်ခဲ့သည်ဟု ခန့်မှန်းရန် ဗြိတိန်နိုင်ငံ Kent တက္ကသိုလ်မှ သုတေသီများက သဘာ၀၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ သိပ္ပံနည်းပညာများကို အသုံးပြုလုပ်ဆောင်ခဲ့ပြီးနောက် ယခုထုတ်ဖော်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသည့် ဗိုင်းရပ်စ် ပေါ်ထွက်မှုအတွက် ဖြစ်နိုင်ခြေအရှိဆုံး နေ့ရက်သည် ၂၀၁၉ နို၀င်ဘာ ၁၇ ရက် ဖြစ်ကြောင်း PLOS Pathogens ဂျာနယ်တွင် ဖော်ပြခဲ့သည့် စိစစ်အကဲဖြတ်ချက်တစ်ခုတွင် ပြောထားသည်။

တရုတ်၏ ပထမဆုံးသော တရား၀င် ကူးစက်မှုသည် ဝူဟန်မြို့၌ ၂၀၁၉ ဒီဇင်ဘာလတွင် စတင် ဖြစ်ပွားခဲ့သည်ဟု မှတ်တမ်းတင်ထားခဲ့သည်။ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုက ယင်းမြို့၏ ဟွာနန် ပင်လယ်စာစျေးတစ်ခုနှင့် ဆက်နွယ်ပတ်သက်နေခဲ့သည်။ သို့သော် ယင်းသည် စျေးသို့ မရောက်ခင်မှာပင် ကူးစက်မှုသည် လူအချင်းချင်းအကြား ပျံ့နှံ့နေခဲ့ကြောင်း သုတေသီတစ်ချို့က ကာလကြာကတည်းက ငြင်းခုံပြောဆိုထားခဲ့သည်။

ယခုအပတ် အစောပိုင်းတွင် အမေရိကန် အခြေစိုက် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအကြံပေးအဖွဲ့ RAND က ပြောကြားခဲ့ရာတွင် တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်သည် ၂၀၂၀ ဇန်န၀ါရီလတွင် ယင်းနိုင်ငံ၏ အစိုးရ ထုတ်ပြန်ခဲ့သည်ထက် ၃၇ ဆ ပိုမိုမြင့်မားနေခဲ့ဖွယ် ရှိကြောင်း ပြောခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနောက်ပိုင်း တရုတ်အစိုးရသည် ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ဖုံးဖိထားခဲ့ပြီး သတင်းအချက်အလက် ဖုံးကွယ်ထားမှုတို့ ရှိခဲ့သည်ဟု ကမ္ဘာတ၀န်းရှိ အစိုးရအေဂျင်စီများနှင့် အစိုးရမဟုတ်သော အေဂျင်စီများကလည်း စွပ်စွဲခဲ့ကြသည်။

၂၀၁၉ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကော်မာရှယ် လေကြောင်း ခရီးသွားလာမှု၏ အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးပြီးနောက်ပိုင်း RAND သည် အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ တရုတ်အစိုးရ ထုတ်ဖော်ခဲ့သည့် ကိုဗစ်-၁၉ လူနာဦးရေသည် အဆပေါင်း ၄၀ နီးပါးဖြင့် လျှော့ပြီး ရေတွက်ထားခဲ့သည်ကို သက်သေပြရန် ခိုင်မာသော အထောက်အထား ရှိနေကြောင်း အဆိုပါ think tank အဖွဲ့က ပြောခဲ့သည်။

"လူအများအပြားဟာ တရုတ်ကနေ ထုတ်ဖော်တဲ့ ကိုဗစ်-၁၉ ဒေတာအချက်အလက်တွေရဲ့ တိကျမှုပိုင်းနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ထားခဲ့ကြပါတယ်၊ တရုတ်တို့ ထုတ်ဖော်ထားတဲ့ ကိုဗစ်-၁၉ လူနာအရေအတွက်ဟာ အဆပေါင်း ၄၀ နီးပါးလောက် လျှော့ချပြီး တွက်ချက်ထားတယ်ဆိုတာအတွက် ကျွန်တော်တို့ဟာ ခိုင်မာတဲ့ အထောက်အထားကို ဒီအစီရင်ခံစာထဲမှာ ဖော်ထုတ်ထားပါတယ်" ဟု အဆိုပါ အဖွဲ့က ပြောခဲ့သည်။

"၂၀၂၀ ဇန်န၀ါရီလမှာ တရုတ်မှာ တရား၀င် ထုတ်ဖော်ခဲ့တဲ့ ကူးစက်မှုဖြစ်စဉ်အရေအတွက်တွေအပေါ် အခြေခံကြည့်မယ်ဆိုရင် ၂၀၂၀ ဇန်န၀ါရီလ ၂၂ ရက်မတိုင်မီ ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယား ၊ အမေရိကန်နဲ့ ထိုင်၀မ်တို့မှာ ပေါ်ပေါက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အလားအလာတွေဟာ မပြောပလောက်သလို ဖြစ်နေခဲ့ပါလိမ့်မယ်" ဟု ယင်းက မှတ်ချက်ပြုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required