အာဖဂန်နစ္စတန်တွင် ဒီမိုကရေစီထွန်းကားရန်နှင့် ပါကစ္စတန်က တာလီဘန်တို့အား အကူအညီ ရပ်တန့်ရန် အမေရိကန်ရှိ အာဖဂန်နိုင်ငံသားများက တောင်းဆို

By ANI
30 June 2021
အာဖဂန်နစ္စတန်တွင် ဒီမိုကရေစီထွန်းကားရန်နှင့် ပါကစ္စတန်က တာလီဘန်တို့အား အကူအညီ ရပ်တန့်ရန် အမေရိကန်ရှိ အာဖဂန်နိုင်ငံသားများက တောင်းဆို

သမ္မတ ဂျိုးဘိုင်ဒင်နှင့် အိမ်ဖြူတော်၌ တွေ့ဆုံရန် လာသည့် အာဖဂန်နစ္စတန်သမ္မတ အာရှက်ဂါနီအား အမေရိကန်နိုင်ငံသား အာဖဂန်ပြည်သူများက ဇွန် ၂၅ ရက်တွင် ကြိုဆိုခဲ့ကြသည်။

အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ ပြန်လည်ရုပ်သိမ်းမည့် စက်တင်ဘာ ၁၁ ရက်မတိုင်မီ နှစ်နိုင်ငံ ခေါင်းဆောင်များ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်း ဖြစ်သည်။

အဆိုပါ ကြိုဆိုပွဲအား လူမျိုးအုပ်စုအားလုံး၏ အခွင့်အရေးအတွက်နှင့် အာဖဂန်နိုင်ငံတွင် အားလုံးလက်ခံနိုင်သည့် မျှတ၊ ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်နေသည့် အာဖဂန်-အမေရိကန်အသိုင်းအဝိုင်းက စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

စုဝေးပွဲတွင် ပါဝင်သူများက ‘ဒီမိုကရက်တစ် အာဖဂန်နစ္စတန်ဖြစ်ပေါ်ရေးကို လိုလားသည်’ ဟု ရေးထားသည့် စာတမ်းများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

ပါကစ္စတန်အနေဖြင့် တာလီဘန်စခန်းများ ပိတ်သိမ်းရေးနှင့် အမေရိကန်တပ်ဖွဲ့များ အာဖဂန်မှ ရုပ်သိမ်းသွားပြီး နောက် တာလီဘန်များကို အကူအညီမပေးရန်လက်တွေ့ကျ၍ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန် အမေရိကန်ရောက် အာဖဂန်များက တောင်းဆိုခဲ့ကြသည်။

‘တာလီဘန်တွေက ပါကစ္စတန်မှာ ဘေးကင်းလုံခြုံမှု ရနေတယ်’ ဟု ရေးသားထားသည့် စာတမ်းမျာကိုလည်း ကိုင်ဆောင်ထားသည်။

“သမ္မတအာရှက်ဖ် ဂါနီကို ကြိုဆိုဖို့ ဒီနေရာကို ရောက်နေတာပါ။ ဒါပေမယ့် အဓိက ရည်ရွယ်ချက်ကတော့ ပါကစ္စတန်က အာဖဂန်မှာ ကြားခံစစ်ပွဲ ဆင်နွှဲပြီး ဒေသတွင်း မတည်ငြိမ်အောင် လုပ်ဆောင်နေတာကို ရပ်တန့်ဖို့ လာရောက် တောင်းဆိုတာပါ” ဟု ဝါရှင်တန်ဒီစီတွင် နေထိုင်ပြီး စုဝေးပွဲတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

လှုပ်ရှားမှုတွင် ပါဝင်သည့် ခါလီဒါဆိုသူ အမျိုးသမီးတစ်ဦးကလည်း “ကျွန်မတို့ အာဖဂန်အစိုးရက လုံးဝအစ္စလာမစ်အစိုးရတစ်ခုပါ။ ဒါပေမယ့် ပါကစ္စတန်က အာဖဂန်မှာ သူတို့ရဲ့ အစ္စလာမစ်ပုံစံကို လာပြီး ထည့်သွင်းချင်နေပါတယ်။ ကျွန်မတို့အစိုးရမှာ အဖွဲ့အစည်းဆိုင်ရာ အခြေခံဥပဒေတစ်ခု ရှိစေချင်ပါတယ်” ဟု ပြောကြားသည်။

တာလီဘန်များကို ထိန်းသိမ်းပေးမည်ဆိုသော ကတိကို ပါကစ္စတန်က ပျက်ကွက်လျှင် အာဖဂန်နစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှု သံသရာ အဆုံးမသတ်မည်ကိုလည်း အမေရိကန်ရောက် အာဖဂန်လူမျိုးများက စိုးရိမ်လျှက်ရှိသည်။

အာဖဂန်သမ္မတ အာရှက်ဖ်ဂါနီကလည်း အမေရိကန်က တပ်ဖွဲ့များကို ရုပ်သိမ်းသွားလျှင် နှစ်ဖက်စလုံးအတွက် နောက်ဆက်တွဲ ရလဒ်များ ပေါ်ပေါက်လာနိုင်ကြောင်း သမ္မတဘိုင်ဒင်ကို သတိပေးခဲ့သော်လည်း ရုပ်သိမ်းမည့် ကာလကို ဆိုင်းငံ့ထားရန် မတောင်းဆိုခဲ့ကြောင်း ပြောကြားသည်။

အမေရိကန်နှင့် ဆွေးနွေးရာတွင် ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့ကြောင်းနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အာဖဂန်တွင် အခြားအင်အားစုများ အာဏာရယူမသွားစေဘဲ အစိုးရကသာ အုပ်ချုပ်နိုင်စေရန် ကူညီပံ့ပိုးပေးသင့်ကြောင်း အာရှက်ဖ်ဂါနီက တိုက်တွန်းခဲ့သည်။

သမ္မဘဘိုင်ဒင်က အာဖဂန်နစ္စတန်နိုင်ငံအတွက် လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း အာဖဂန်သမ္မတက ပြောကြားသည်။

နိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းတွင် တာလီဘန်တို့ လက်အောက်သို့ ရောက်သွားသည့် နယ်မြေအများအပြား ကိုလည်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ရယူနိုင်ပြီဟု သမ္မတအာရှက်ဖ်က အတည်ပြုခဲ့သလို တာလီဘန်တို့အနေဖြင့်လည်း အပစ်အခတ်ရပ်စဲရန်နှင့် နို်ငငံရေးလုပ်ငန်းစဉ်များကို ပြန်လည်စတင်ရန် တောင်းဆိုလိုက်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly