တာလီဘန်များ အာဏာပြန်ရရန် ပါကစ္စတန်ကူညီနေဟု အမေရိကန် လုံခြုံရေးအကြံပေးဟောင်းများ စွပ်စွဲ

By The Khaama Press
30 June 2021
တာလီဘန်များ အာဏာပြန်ရရန် ပါကစ္စတန်ကူညီနေဟု အမေရိကန် လုံခြုံရေးအကြံပေးဟောင်းများ စွပ်စွဲ

ပါကစ္စတန်အစိုးရက တာလီဘန်များကို ပံ့ပိုးပေးနေပြီး လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း နိုင်ငံ၌ ခိုလှုံခွင့် ပေးထားကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်၏ နိုင်ငံတော်လုံခြုံရေး အကြံပေးအရာရှိဟောင်း ဂျွန်ဘော်လ်တန်က စွပ်စွဲ လိုက်သည်။

“တာလီဘန်တွေ အာဏာပြန်ရရေးအတွက် ပါကစ္စတန်အစိုးရဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် တိုက်ရိုက်တာဝန်ရှိနေပါတယ်” ဟု VOA သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ဘော်လ်တန်က ပြောသည်။

ပါကစ္စတန်၏ ထောက်လှမ်းရေးနှင့် အခြားပြည်တွင်းအဖွဲ့အစည်းများသည် တာလီဘန်တို့နှင့် ဆယ်စုနှစ်များစွာ အဆက်အသွယ်ရှိခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမည့် အချိန်နီးကပ်လာချိန်နှင့် တာလီဘန်တို့က အာဖဂန်နိုင်ငံအတွင်း နယ်မြေအများအပြားကို ဝင်ရောက်နေရာ ယူထားချိန်တွင် ဘော်လ်တန်က ယခုကဲ့သို့ ပြစ်တင်လိုက်ခြင်းဖြစ်သည်။

အမေရိကန်နှင့် အာဖဂန်တပ်ဖွဲ့များအား တိုက်ခိုက်ရန် ပါကစ္စတန်က တာလီဘန်တို့ကို အကာအကွယ်ပေးထား သောကြောင့် နောက်ဆက်တွဲ ဖြစ်ပွားမည့် အခြေအနေများကို စိုးရိမ်မိကြောင်းလည်း ဘော်လ်တန်က မှတ်ချက်ပေးသည်။

တာလီဘန်တို့က အာဖဂန်တွင် အာဏာသိမ်းယူလိုက်ပါက အစွန်းရောက်တို့၏ ဖိအားများ ပါကစ္စတန် အစိုးရအပေါ် မြင့်တက်လာနိုင်ပြီး ခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း ဘော်လ်တန်က သတိပေးပြောကြားသည်။

ဆီးနိတ်လွှတ်တော်၏ စစ်ရေးဆိုင်ရာ ကော်မတီ၏ အကြီးတန်းအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ အထက်လွှတ်တော်အမတ် ဂျင်အင်ဟိုဖေး၏ အဆိုပြုချက်ကိုလည်း ဘော်လ်တန်က အလေးထားပြောကြားခဲ့သည်။ ၎င်းက အာဖဂန်မှ တပ်ဖွဲ့များ လုံးဝရုပ်သိမ်းခြင်း မပြုဘဲ အကန့်သတ်ဖြင့်သာ လျှော့ချရန် အကြံပြုထားသည်။

“တပ်ဖွဲ့အားလုံး ရုပ်သိမ်းခြင်းဖြင့် အာဖဂန်အစိုးရနှင့် စစ်တပ်ကို စိတ်အားလျော့စေပါလိမ့်မယ်” ဟုလည်း ဘော်လ်တန်က ထည့်သွင်းပြောဆိုသည်။

သမ္မတဂါနီနှင့် သမ္မတဘိုင်ဒင်တို့ တွေ့ဆုံဆွေးနွေးမည့် အခြေအနေနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဘော်လ်တန်က “ဒီခရီးစဉ်ဟာ အမေရိကန်အနေနဲ့ အာဖဂန်နစ္စတန်ကနေ တပ်ဖွဲ့တွေ ရုပ်သိမ်းဖို့ ဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ကို မပြောင်းလဲဘူးဆိုရင် အမေရိကန်က အကူအညီဆက်လက်ပေးဖို့ အချိန်ပိုမိုရအောင် အာဖဂန်နစ္စတန်အစိုးရအနေနဲ့ တိုက်တွန်းဖို့အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်ပါလိမ့်မယ်။ ဒီအစည်းအဝေးက အာဖဂန်ရဲ့ အနာဂတ်အတွက် အမှန်တကယ် အရေးကြီးတယ်” ဟု သုံးသပ်ပြောကြားသည်။

အာဖဂန်သမ္မတ အာရှရက်ဖ်ဂါနီအာမက်ဇာအီဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဝါရှင်တန်သို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သွားရောက်ခဲ့ရာတွင် ဆီးနိတ်လွှတ်တော် အမတ်များ၊ USAID အကြီးအကဲ၊ ကာကွယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ အာဖဂန်၏ မိတ်ဆွေဟောင်းများ၊ အမေရိကန်သမ္မတ တို့နှင့် တွေ့ဆုံခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly