ရုရှားနှင့် တရုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ၀ယ်ယူရန် စစ်ကောင်စီ ရည်မှန်းနေ

ရုရှားနှင့် တရုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ၀ယ်ယူရန် စစ်ကောင်စီ ရည်မှန်းနေ

ဇွန် ၃၀

နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်နေပြီး ကူးစက်မှုလှိုင်းသစ်တစ်ခုကို ကိုင်တွယ်ရန် ကြိုးပမ်းနေရချိန် ရုရှားထုတ် Sputnik ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ခုနစ်သန်း ၀ယ်ယူရန် ညှိနှိုင်းနေကြောင်း အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်က ပြောကြားခဲ့သည်။

ကာကွယ်ဆေးအလုံးရေ နှစ်သန်း ၀ယ်ယူရန် ကနဦး စီစဥ်ထားခဲ့ပြီးနောက် ယခုအခါ အလုံးရေ ခုနစ်သန်း ၀ယ်ယူရန် ရည်မှန်းလုပ်ဆောင်နေကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှား၏ RIA သတင်းအေဂျင်စီနှင့် အင်တာဗျူးတစ်ခုတွင် ပြောသွားခဲ့သည်။

“ကျွန်တော်တို့ ရုရှားကနေ ကာကွယ်ဆေးတွေ ထပ်၀ယ်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ထားပါတယ်” ဟု မင်းအောင်လှိုင်က ပြောခဲ့ကြောင်း သိရသည်။ ၀ယ်ယူမှုမှာ Sputnik V ကာကွယ်ဆေး ဖြစ်မလား သို့မဟုတ် တစ်ကြိမ်သာ ထိုးရန်လိုအပ်သည့် Sputnik Light ကာကွယ်ဆေးဖြစ်မလား ဆိုသည်ကို ၎င်းက တိတိကျကျ ပြောမသွားခဲ့ပေ။

ပြီးခဲ့သည့် ရက်များအတွင်းကမှ ရုရှားကနေ ပြန်ရောက်လာခဲ့သည့် မြန်မာအာဏာသိမ်းခေါင်းဆောင်က ပြောကြားခဲ့ရာတွင် ကနဦးပိုင်းက မြန်မာသို့ ကာကွယ်ဆေး အများစု ပေးပို့ခဲ့သည့် အိမ်နီးချင်းအိန္ဒိယသည် ယင်းနိုင်ငံတွင် ကိုဗစ်ကူးစက်ဖြစ်ပွားနေခဲ့မှုကြောင့် နောက်ထပ် ကာကွယ်ဆေးများ ပေးအပ်နိုင်ခြင်း မရှိခဲ့ကြောင်း ပြောခဲ့သည်။

“တရုတ်ကလည်း ကာကွယ်ဆေးတစ်ချို့ ပို့ထားပါတယ်၊ ကျွန်တော်တို့ အဲဒါတွေကိုလည်း သုံးထားပါတယ်၊ တရုတ်နဲ့လည်း ညှိနှိုင်းဆွေး‌နွေးမှုတွေ ကျွန်တော်တို့ ဆက်လုပ်သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု စတင်ဖြစ်ပွားပြီးနောက်ပိုင်း ရောဂါပိုး ကူးစက်ခံရသူ ၁၅၅,၆၉၇ ဦး ရှိပြီး သေဆုံးသူ ၃,၃၂၀ ဦး ရှိကြောင်း ဒေသအချက်အလက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly