CDM ဝန်ထမ်းများက KNU နယ်မြေတခုထဲမှာ ကျောင်းသားလူငယ်များကို ပညာသင်ကြားပေးနေ

CDM ဝန်ထမ်းများက KNU နယ်မြေတခုထဲမှာ ကျောင်းသားလူငယ်များကို ပညာသင်ကြားပေးနေ

ဇွန်လ၊ ၃၀ ရက်၊ ရန်ကုန်

အကြမ်းဖက်စစ်ကောင်စီကို အာဏာဖီဆန်မှုပြုလုပ်ခဲ့ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတွေ စုပေါင်းပြီး KNU တပ်မဟာ ၆ က နယ်မြေတခုမှာ ပညာသင်ကြားပေးနေကြပါတယ်။

ပညာသင်ကြားပေးရာမှာ အခြေခံပညာကျောင်းသား/ကျောင်းသူများအပြင်၊ အထက်တန်းလွန်အဆင့် ကျောင်းသား/ကျောင်းသူတွေအတွက်ပါ အဆင့်မြင့်ပညာတွေ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

“CDM လုပ်တဲ့အထဲမှာ ပညာရေးဝန်ထမ်းတွေပဲ မဟုတ်ဘဲ တခြားဌာနဆိုင်ရာ ဝန်ထမ်းအသီးသီးနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေလဲ ပါပါတယ်။ ကျမတို့ ပညာရေးဝန်ထမ်းတွေကြတော့ သင်္ချာ၊ အင်္ဂလိပ်နဲ့ မြန်မာစာကို အဓိက သင်ပေးတယ်။ တခြားဝန်ထမ်းတွေကလည်း သူတို့ ကျွမ်းကျင်တဲ့ ပညာရပ်တွေကို အဆင့်မြင့် ပညာအနေနဲ့ သင်ပေးကြတယ်”လို့ မြဝတီမြို့ကနေ လွတ်မြောက်နယ်မြေတခုထဲ ထွက်ပြေးတိမ်းရှောင်လာရတဲ့ CDM ဆရာမ ဒေါ်ခိုင်သင်းမွန်က ပြောပါတယ်။

ဒေသခံကျောင်းသား/ကျောင်းသူတွေကို CDM ဝန်ထမ်းတွေက ပညာသင်ကြားပေးတဲ့ အဲဒီအစီအစဉ်ကို ဇွန်လ ၁၀ ရက်နေ့က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး လူငယ်များကိုတော့ လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်မယ့် အတတ်ပညာ/အသိပညာတွေကို သင်ကြားပေးနေတာဖြစ်ပါတယ်။

“ကွန်ပျူတာနဲ့ အင်္ဂလိပ်စကားပြော သင်ရိုးညွှန်းတမ်းတွေကိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထုတ်နှုတ်ပြီး သင်ပေးကြတာပါ”လို့ ဆရာမ ဒေါ်ခိုင်သင်းမွန်က ပြောပါတယ်။

လက်ရှိမှာတော့ တပ်မဟာ ၆ အတွင်းရှိ ကျေးရွာများက ကျောင်းသား/ကျောင်းသူအပြင် အဆင့်မြင့်ပညာ လာရောက်သင်ကြားနေကြသူပေါင်း ၄၀၀ ကျော် ရှိပြီး သူတို့ကို တနင်္လာနေ့ကနေ သောကြာနေ့အထိ သင်ကြားပေးနေကြတာပါ။

“ကွန်ပျူတာဘာသာရပ်တို့၊ အင်္ဂလိပ်စကားပြောတို့ကို တချိန်ကို ၁နာရီခွဲနှုန်းနဲ့ ၃ လ သင်တန်းပုံစံမျိုးနဲ့ သင်ပေးသွားမှာပါ”လို့ ဆရာမ ဒေါ်ခိုင်သင်းမွန်က ဆိုပါတယ်။

ဒါ့အပြင် လူမှုဘဝများမှာ လက်တွေ့အသုံးချနိုင်တဲ့ Mobile Hardware ၊ Software ၊ သတင်းထောက်ပညာရပ် စတဲ့ပညာရပ်တွေလို အခြားလက်တွေ့အသုံးချနိုင်တဲ့ ဘာသာရပ်တွေကိုပါ ထည့်သွင်းသင်ကြားပေးနိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

အခုလို သင်ကြားပေးနေမှုတွေဟာ အခမဲ့သင်ကြားပေးနေကြတာဖြစ်ပြီး ကောလာဟလများ ထွက်ပေါ်နေသလို ငွေကြေးကောက်ခံပြီး သင်ကြားပေးနေတာမျိုး လုံးဝမရှိဘူးလို့ သိရပါတယ်။

“ကျမတို့ထွက်ပြေးတိမ်းရှောင်လာပြီး ခိုလှုံနေတာကို လက်ခံထားတဲ့ ဒေသအတွက်၊ ဒီလူတွေအတွက် ကျမတို့က ပြန်ပြီး ကျေးဇူးဆပ်ကြတာအပြင်၊ ဒီခလေးတွေရဲ့ ပညာရေးအတွက် အကျိုးပြုနေတာပါ။ အဲဒီလိုအနေအထားမှာ ကျမတို့က အခကြေးငွေတောင်းပြီး သင်ပေးနေတယ်ဆိုတာ လုံးဝမဟုတ်တဲ့ သတင်းအမှားပါ”လို့ ဆရာမ ဒေါ်ခိုင်သင်းမွန်က ပြောပါတယ်။

CDM ဆရာ/ဆရာမများအနေနဲ့ အခုလို လွတ်မြောက်နယ်မြေမှာ ကျောင်းသား/ကျောင်းသူတွေကို ပညာသင်ကြားပေးနေတာအပြင် ပညာရေးကဏ္ဍအတွက် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆက်လက်အကောင်အထည်ဖော်သွားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ဆရာကြီးဒေါ်တာဇော်ဝေစိုးက ပညာရေးနဲ့ပတ်သက်ပြီး CDM ဆရာ/ဆရာမတွေကို တော်လှန်ရေးနဲ့ဆက်စပ်လို့ လမ်းညွှန်ထားတာ ရှိပါတယ်။ ဘယ်လိုလမ်းညွှန်ထားတယ်၊ ဘာတွေကို လုပ်မယ်ဆိုတာတော့ ကျမ မပြောတော့ဘူး။ ဒါပေမယ့် ကျမတို့အားလုံး အဲဒီလမ်းညွှန်ထားတဲ့အတိုင်း ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ မြဝတီမြို့ကနေ လွတ်မြောက်နယ်မြေတခုထဲ ထွက်ပြေးတိမ်းရှောင်လာရတဲ့ CDM ဆရာမ ဒေါ်ခိုင်သင်းမွန်က ပြောပါတယ်။

တပ်မဟာ ၆ နယ်မြေအတွင်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၄၀၀ ကျော်ကို ဆရာ/ဆရာမ ၅၀ ကျော်က ပညာသင်ကြားပေးနေတာဖြစ်ပြီး၊ လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါအတွက် ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly