အင်းစိန်ထောင်ရှေ့ YBS အစီး ၃၀ လောက်ရောက်ရှိနေပြီး လာရောက်စောင့်ဆိုင်းသူ များပြားလာ

အင်းစိန်ထောင်ရှေ့ YBS အစီး ၃၀ လောက်ရောက်ရှိနေပြီး လာရောက်စောင့်ဆိုင်းသူ များပြားလာ

ဇွန် ၃၀

ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းကြောင့် ရန်ကုန်မြို့ ၊အင်းစိန်အကျဉ်းထောင်ရှေ့တွင် ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေ လာရောက်စောင့်ဆိုင်းနေကြောင်း သိရသည်။ 

တစ်နိုင်ငံလုံးအတွင်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)အပါအဝင် ပုဒ်မတချို့နဲ့တရားစွဲဆိုခံရပြီး တရားရင်ဆိုင်နေရဆဲ အချုပ်သား ၂၀၀၀ ကျော်ကို ဒီကနေ့ ဇွန်လ ၃၀ ရက်မှာ လွှတ်ပေးမယ်လို့ သိရကြောင်း လက်ရှိအချိန်တွင် အင်းစိန်အကျဉ်းထောင်ရှေ့ရောက်ရှိနေသူ ရှေ့နေတစ်ဦးက ပြောသည်။ 

“အခုအစ်မတို့အင်းစိန်ထောင်ရှေ့မှာ၊ လူအုပ်ကြီးကလဲ တဖြည်းဖြည်းများလာနေတယ်၊ လွှတ်မှာတော့လွှတ်မှာ၊ အင်းစိန်ကတော့ ၇၅၀ လောက်လို့ကြားတယ်၊ ခု YBS အစီး ၃၀ လောက်ရောက်နေတယ်၊ သုံးလပိုင်းမှာ အဖမ်းခံထားရသူတွေကို ဦးစားပေးမယ်လို့ကြားတယ်” ဟု အဆိုပါရှေ့နေက ဆိုသည်။ 

အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ၏ မိသားစုဝင်တစ်ဦးကလဲ ပြန်လွှတ်မြောက်လာစေဖို့ ဆုတောင်းနေကြောင်း ပြောသည်။ 

“ပြန်လွတ်ဖို့တော့မျှော်လင့်တာပေါ့၊ ဒါကြောင့်ပဲမနက်အစောထဲကလာစောင့်နေရတာ၊ ဆုတောင်းနေတာလဲခုထိပါပဲ” ဟုမိခင်တစ်ဦးက ပြောသည်။ 

အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကတည်းက တစ်နိုင်ငံလုံးတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၂၂၄) ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က  ဇွန်လ ၂၉ ရက်တွင်ထုတ်ပြန်ထားသည်။ 

ဒီကနေ့ တွင် အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်လွှတ်ပေးမည့်ဖြစ်စဉ်အား အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးက သူ့လူမှုကွန်ရက်စာမျက်နှာတွင်အောက်ပါအတိုင်း မှတ်ချက်ပြုရေးသားထားသည်။ 

“မဖမ်းဆီးသင့်တဲ့သူတွေကို ဖမ်းထားပြီး ပြန်လွှတ်ပေးတာ အထူးကျေးဇူးတင်စရာတော့ မလိုဘူး။ အခြေအနေကလဲအမြဲတမ်းစိုးရိမ်နေရတဲ့ အကြောက်တရားလွှမ်းမိုးထားတဲ့တိုင်းပြည်ဆိုတော့ ထောင်လေးထဲက ထောင်ကြီးပြောင်းလိုက်သလို လွှတ်ပေးလဲ မလွတ်လပ်ဘူး။ နည်းနည်း လှုပ်တာနဲ့ ဆွဲစီမဲ့ နှောင်ကြိုးက ပါသေး” ဟုရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly