ဖလော်ရီဒါ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၁၁ ဦးအထိ ရှိလာပြီး ၁၅၀ ကျော် ပျောက်ဆုံးနေဆဲ

ဖလော်ရီဒါ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၁၁ ဦးအထိ ရှိလာပြီး ၁၅၀ ကျော် ပျောက်ဆုံးနေဆဲ
Photo - AFP

ဇွန် ၂၉

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ လူနေအဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်စဉ်ကြောင့် သေဆုံးသူဦးရေသည် ယခုအခါ ၁၁ ဦးအထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင်  လက်ရှိအချိန်အထိ လူပေါင်း ၁၅၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်တာကြောင့် သက်ဆိုင်ရာ မိသားစုတွေအနေနဲ့ အဆိုးဆုံးအခြေအနေအတွက် စိုးရိမ်ပူပန်နေကြရလျက် ရှိပါတယ်။

မိုင်ယာမီဧရိယာမှာ ရှိတဲ့ ဒီလူနေအထပ်မြင့်အဆောက်အအုံကြီး ပြီးခဲ့တဲ့အပတ်က ဘာကြောင့်များ အဲလောက်ထိ မြန်မြန်ဆန်ဆန်နဲ့ ပြင်းပြင်းထန်ထန် ပြိုကျသွားခဲ့တာလဲ ဆိုတာနဲ့ပတ်သက်လို့ မေးခွန်းတွေလည်း ထွက်ပေါ်လာနေခဲ့ပါတယ်။

မိုင်ယာမီကမ်းခြေအနီး ဆာ့ဖ်ဆိုဒ်မြို့ရှိ တိုက်ခန်းအဆောက်အအုံမှာ ကြီးမားတဲ့ ပျော့ကွက်ချို့ယွင်းချက်တွေ အရင်ကတည်းက ရှိနေခဲ့သလား ဆိုတာနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေက လေ့လာသုံးသပ်လျက် ရှိပါတယ်။ အဆိုပါ အဆောက်အအုံရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းကြီးတစ်ခုဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က ပြိုကျမှုဖြစ်ပြီး အုတ်အကျိုးအပဲ့ အစုအပုံတွေအဖြစ် ရောက်ရှိသွားခဲ့ရပါတယ်။

ပူပြင်းခြောက်သွေ့တဲ့ အပူရှိန်နဲ့ စိုထိုင်းဆ မြင့်မားမှုကို ရင်ဆိုင်ရင်း ဖလော်ရီဒါပြည်နယ်နဲ့ နိုင်ငံရပ်ခြားက ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးပုံတွေထဲကနေ အသက်ရှင်ကျန်ရစ်သူတွေ ရှာတွေ့ဖို့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချိန်နာရီတွေ ကြာလာတာနဲ့အမျှ အလားအလာကတော့ ပိုမို မှေးမှိန်လာနေခဲ့ပါတယ်။

"ရှာဖွေမှုတွေ ဆက်လုပ်နေပါတယ်၊ ဒါကို ပြေလည်အောင် မဖြေရှင်းနိုင်ခင်အထိ ရပ်နားမှာမဟုတ်ပါဘူး" လို့ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ်က ဇွန်လ ၂၈ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အပျက်အစီးပုံတွေထဲကနေ ၁၁ ဦးမြောက် အလောင်းကို တွေ့ရှိခဲ့ကြောင်းနဲ့ ရှာမတွေ့သေးဘဲ ပျောက်နေသူဦးရေ ၁၅၀ အဖြစ် ရှိ‌နေကြောင်း မိုင်ယာမီဒိတ်ကောင်တီ မြို့တော်၀န် ဒန်နီလာ လီဗိုင်း ကာဗာကလည်း ပြောသွားခဲ့ပါတယ်။

ဇွန်လ ၂၈ ရက်မှာတော့ ဒေသခံတွေ၊ စေတနာ့၀န်ထမ်းတွေနဲ့ ဖလော်ရီဒါပြည်နယ်က တာ၀န်ရှိသူတွေဟာ မိုင်ယာမီ  ၁၂ ထပ် အဆောက်အအုံ၏ အစိတ်အပိုင်း ပြိုကျမှုကြောင့် သေဆုံးသွားသူတွေ ရည်စူးပြီး ယာယီလုပ်ထားတဲ့  အောက်မေ့ဖွယ်အထိမ်းအမှတ် နေရာတစ်ခုမှာ ပန်းတွေ ထားခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required