ဝီဂါများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်ပြီး ကနေဒါ၀န်ကြီးချုပ်က တရုတ်ကို အပြင်းအထန် ဝေဖန်

By Zee 5
29 June 2021
ဝီဂါများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်ပြီး ကနေဒါ၀န်ကြီးချုပ်က တရုတ်ကို အပြင်းအထန် ဝေဖန်
Photo: EPA

ကနေဒါနိုင်ငံတွင် လူမျိုးစု ကလေးငယ်များ၏ ရုပ်ကြွင်းများ ရှာဖွေတွေ့ရှိမှုအပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရေး တရုတ်က တောင်းဆိုခဲ့ပြီးနောက် ကနေဒါ၀န်ကြီးချုပ် ဂျက်စတင် ထရူးဒိုးသည် တရုတ်အပေါ် အပြင်းအထန် ပြန်လည် ပြစ်တင်ဝေဖန်သွားခဲ့သည်။ ကွန်မြူနစ်နိုင်ငံ တရုတ်တွင် ဝီဂါများ အပါအ၀င် လူနည်းစုမျိုးနွယ်စုများအပေါ် စနစ်တကျ ဖိနှိပ်ချိုး‌ဖောက်မှုများနှင့် ကနေဒါ၏ အထက်ပါကိစ္စအကြား မတူခြားနားမှုတစ်ခု ရှိသည်ဟု ထရူးဒိုးက အလေးပေးပြောသွားခဲ့သည်။

ကနေဒါအနေဖြင့် ဒေသခံလူမျိုးစု၀င်များနှင့်အကြား ဆက်ဆံရေး ကျိုးပျက်နေသည်ကို သိရှိကြောင်း၊ သို့ရာတွင် အမှန်တရားဖော်ထုတ်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင်တစ်ခု ကနေဒါနိုင်ငံတွင် ရှိနေကြောင်း၊ ကနေဒါအစိုးရအနေဖြင့်လည်း ကိစ္စရပ်များကို ကြိုးစားကိုင်တွယ်ဖြေရှင်းကြောင်း ၀န်ကြီးချုပ် ထရူးဒိုးက ကနေဒါနိုင်ငံပိုင်ရုပ်သံလွှင့်ဌာန CTV News ကို ပြောသွားခဲ့သည်။

အခြားတစ်ဘက်တွင်မူ တရုတ်နိုင်ငံသည် ဝီဂါများအပေါ် ကျူးလွန်ထားသည့် များပြားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သည့် ပြဿနာတစ်ရပ် ရှိနေသည်ကို ၀န်ခံလိုသည့် ဆန္ဒပင် ရှိမနေကြောင်း ထရူးဒိုးက ပြောသွားခဲ့သည်။

"ဘယ်မှာလဲ၊ တရုတ်ရဲ့ အမှန်တရားဖော်ထုတ်ရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင်၊ သူတို့ရဲ့ အမှန်တရားက ဘယ်မှာလဲ၊ ကျွန်တော်တို့ ကနေဒါနိုင်ငံမှာ ဆိုရင် အမြဲတမ်း ပွင့်လင်းမြင်သာမှုကို ထုတ်ပြထားခဲ့တယ်၊ အတိတ်တုန်းက ဆိုး၀ါးတဲ့ အမှားတွေအတွက် ကနေဒါအနေနဲ့ တာ၀န်ယူမှုကို လုပ်ဆောင်ထားခဲ့တယ်၊ တကယ်တမ်းဆိုရင် အဲဒါတွေအနက် အတော်များများက ခုပစ္စပ္ပန်ကာလထဲမှာ ဆက်ဖြစ်နေလို့လား" ဟု ထရူးဒိုးက ဇွန်လ ၂၂ ရက် အော့တ၀ါမြို့ ၎င်း၏ နေအိမ်အပြင်ဘက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မေးခွန်းထုတ်သွားခဲ့သည်။

ယခုလအစောပိုင်းက ကနေဒါနိုင်ငံ ကမ်လု(စ်) မြို့အနီး ၁၉၇၈ ခုနှစ်က ပိတ်သိမ်းခဲ့သည့် စာသင်ကျောင်း၀န်းတစ်ခုထဲတွင် အသက် သုံးနှစ်အရွယ်မှစပြီး အသက်အပိုင်းအခြား အသီးသီးရှိ ကလေးငယ် ၂၁၅ ဦးကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာကို တွေ့ရှိခဲ့ကြောင်း Sputnik က ဖော်ပြသည်။ ထိုကဲသို့ အစုအပြုံလိုက် မြှုပ်နှံထားမှုကို ရှာတွေ့ပြီးနောက် အဆိုပါ သေဆုံးမှုများအတွက် တာ၀န်ရှိမှုနှင့် အခြေအနေများကို ထုတ်ဖော်သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုတစ်ရပ် ဖွင့်လှစ်လုပ်ဆောင်ခဲ့သည်။

ယင်းနောက် တရုတ်သံတမန် ကျန်းဒူအန်က ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတစ်ခုအတွင်း ကနေဒါ၏ အထက်ပါကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရေး တောင်းဆိုမှု ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ကနေဒါ၀န်ကြီးချုပ်၏ မှတ်ချက်စကား ပေါ်ထွက်လာခြင်းဖြစ်သည်။

"ကနေဒါမှာ လူမျိုးစု ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ မိမိတို့ အင်မတန် စိုးရိမ်ပူပန်ရပါတယ်" ဟု ဂျီနီဗာမြို့ရှိ ကုလ ဆိုင်ရာ တရုတ်သံအဖွဲ့၏ အကြီးတန်းအရာရှိတစ်ဦးဖြစ်သည့် ကျန်းက ပြောခဲ့သည်။

ကလေးငယ်များ၏ ရုပ်ကြွင်းများ ရှာတွေ့မှုကိုသာမက လူမျိုးစုပြည်သူများအပေါ် ကနေဒါ၏ ကျယ်ပြန့်သည့် ပြစ်မှုကျူးလွန်မှုများအပေါ် စေ့စေ့စပ်စပ် ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရေး တရုတ်နှင့် ယင်း၏ မဟာမိတ်များက ကြိုးပမ်းနေကြောင်း ကျန်းက ပြောခဲ့သည်။ ဘယ်လာရုစ်၊ မြောက်ကိုရီးယား၊ ဆီးရီးယားအပါအ၀င် တရုတ်၏ မဟာမိတ်များအားလုံးသည် လူ့အခွင့်အ‌ရေးချိုးဖောက်မှုများအတွက် စွပ်စွဲခံထားရသည်။

ဝီဂါ တစ်သန်းကျော် ဥပဒေမဲ့ ထိန်းသိမ်းခံထားရမှု နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ရှင်ကျန်းဒေသသို့ ကုလ လူ့အခွင့်အရေး အကြီးအကဲအား ၀င်ရောက်ခွင့်ပြုရန် တရုတ်ကို တောင်းဆိုသည့် ထုတ်ပြန်ချက်တစ်‌စောင်ကို ကနေဒါ တာ၀န်ရှိသူများ ဖတ်ကြားမှု မတိုင်မီ ကျန်းက အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ကနေဒါ အရာရှိများ ဖတ်ကြားသည့် ထုတ်ပြန်ချက်ထဲတွင် ဟောင်ကောင်၌ တရုတ်ဦးဆောင်မှုဖြင့် ဖိနှိပ်ဖြိုခွင်းမှုများ ဆက်ရှိနေခြင်းနှင့် တိဘတ်ဒေသတွင် ဖြစ်ပေါ်နေသည့် ဖိနှိပ်မှု သတင်းများကို ထည့်သွင်းဖော်ပြထားသည်ဟု Washington Post က ဖော်ပြသည်။

"တရုတ်အာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ လူ့အခွင့်အရေဆိုင်ရာ တာ၀န်၀တ္တရားတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ကိုပဲ မိမိတို့ တိုက်တွန်းပါတယ်" ဟု ဂျီနီဗာရှိ ကုလဆိုင်ရာ ကနေဒါ သံအမတ် လက်စ်လီ အီ နော်တန်က ပြောသွားခဲ့သည်။ ထိုသို့ တစ်ဖက်နှင့် တစ်ဖက် အပြိုင်ဖြစ်နေသည့် တောင်းဆိုမှုများကို ကြည့်မည်ဆိုပါက ကုလ လူအခွင့်အရေးကောင်စီတွင် ပထ၀ီနိုင်ငံရေးနှင့် နိုင်ငံရေးသဘောတရားပိုင်း နက်ရှိုင်းစွာ ကွဲလွဲနေသည်ကို ပြသနေသည်။

တစ်ချိန်တည်းမှာလည်းပဲ တရုတ်အပေါ် အပြင်းထန်ဆုံး ပြစ်တင်မှုတစ်ရပ်အနေဖြင့် စက်မှုထိပ်သီး ဂျီ၇ အုပ်စုနိုင်ငံများကလည်း ဟောင်ကောင်နှင့် ရှင်ကျန်းတွင် အခြေခံ လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးတို့အပေါ် တရုတ်ဘက်က လေးစားလိုက်နာမှု ရှိရေးအတွက် တိုက်တွန်းသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required