အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေးကို အသက် ၂ နှစ်နှင့်အထက် ကလေးများအား စက်တင်ဘာမတိုင်ခင် ထိုးပေးမည်

အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေးကို အသက် ၂ နှစ်နှင့်အထက် ကလေးများအား စက်တင်ဘာမတိုင်ခင် ထိုးပေးမည်

ကလေးငယ်များတွင်လည်း ရောဂါကူးစက်နိုင်သဖြင့် ၎င်းတို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ရန် လိုအပ်နေရာ AIIMS Delhi မှ ဒေါက်တာ ရမ်ဒိဂူလာရီးယားက Bharat Biotech နှင့် အခြားကုမ္ပဏီများသည် စမ်းသပ်မှုများကို အမြန်လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် တွေ့ရှိထားသော ရလဒ်များအရ ကလေးများအား စက်တင်ဘာ-အောက်တိုဘာမတိုင်မီ ကာကွယ်ဆေးထိုးပေနိုင်ဖွယ်ရှိကြောင်း ပြောကြားသည်။

အဆင့် ၂ သို့မဟုတ် အဆင့် ၃ စမ်းသပ်မှုများ ပြီးစီးသွားသောအခါ ကလေးများအတွက် Covaxin သည် စက်တင်ဘာ-အောက်တိုဘာလမတိုင်မီ ထွက်ပေါ်လာဖွယ်ရှိကြောင်းလည်း ဒေါက်တာ ဂူလာရီးယားက မှတ်ချက်ပြုသည်။

Covaxin သည် Bharat Biotech ကုမ္ပဏီ၏ ပြည်တွင်းထုတ် ကာကွယ်ဆေးဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ကပ်ရောဂါကို ထိန်းချုပ်ဖို့ လူတိုင်း ကာကွယ်ဆေးထိုးထားဖို့ လိုတာကြောင့် ကလေးတွေအတွက်လည်း ဆေးထုတ်လုပ်ရပါမယ်။ Bharat Biotech နဲ့ အခြားကုမ္ပဏီတွေက သူတို့ကလေးတွေနဲ့ ကာကွယ်ဆေးကို စမ်းသပ်နေကြတယ်” ဟု ၎င်းက ပြောကြားသည်။

“ဆေးတစ်မျိုးကတော့ အစောဆုံး နောက် ၂-၃ လလောက်ဆိုရင် ပြီးစီးပါလိမ့်မယ်။ စက်တင်ဘာမကျော်ခင် အချက်အလက်တွေ ရပါလိမ့်မယ်” ဟုလည်း ဒေါက်တာ ဂူလာရီးယားက ရှင်းလင်းပြောကြားသည်။

Bharat Biotech ကုမ္ပဏီသည် အသက် ၂ နှစ်နှင့် ၁၈ နှစ်အထိ အုပ်စုများအတွက် ဆေးကို စမ်းသပ်လျှက်ရှိရာ အသက်အရွယ်အများအပြားကို ထိုးပေးနိုင်မည်ဖြစ်သည်။ Zydus Cadila ကာကွယ်ဆေးသည် DNA အမျိုးအစား ကာကွယ်ဆေးဖြစ်ပြီး အမျိုးအစားအသစ်ဖြစ်ကာ မိမိတို့နိုင်ငံတွင် ယခင်က သုတေသနမပြုဖူးသောကြောင့် မိမိတို့အတွက် ဂုဏ်ယူစရာလည်းဖြစ်ကြောင်း ဒေါက်တာ ဂူလာရီးယားက ပြောကြားသည်။

Pfizer ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က ၎င်းတို့၏ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် အိန္ဒိယတွင် အတည်ပြုချက်ရရန် နောက်ဆုံး အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အပေါ် ဒေါက်တာ ဂူလာရီးယားက အဆိုပါကုမ္ပဏီအနေဖြင့် ဆွေးနွေးမှုများကို လုပ်ဆောင်နေကြောင်း၊ ကာကွယ်ဆေး ထုတ်လုပ်ရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ကြောင်းလည်း ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly